7 (Z)

596 28 3
                                    

အပိုင်း ()

မည်သို့ပင် ဆိုစေကာမူ အနှီကျောင်းထိုင်ဘုန်းကြီးဟာ အရည်အချင်းပြည့်မှီသည့် ဆရာယောင်သမားယောင်တစ်ဦးသာ ဖြစ်ချေသည်။ သူတစ်ပါးအခွင့်အလမ်းကို မတရားသဖြင့် ဆုံးရှုံးနစ်နာစေသည့် မသမာသူတစ်ယောက်တော့ မဟုတ်ရပါချေ။ ကြည့်ရသည်မှာ မိမိကိုယ်ကိုယ် လိပ်ပြာမလုံတော့၍လားမသိ။ ပေါက်ကရလေးဆယ် မဟုတ်တမ်းတရားများကို နှုတ်မှတတွတ်တွတ် မြွက်ဟပြီးနောက် 'အော်မီတော်ဖော'ဟု စကားအဆုံးသတ်ကာ လေးလေးနက်နက်ဟန်ပန်ကို ပြန်လည်ဆင်ယင်လိုက်လေသည်။ ထို့နောက် လီယွိ၏မျက်နှာအား တစ်ချက်ကြည့်ပြီးနောက် သက်မတစ်ချက် ရှိုက်ထုတ်လိုက်၏။

"ဒကာလေး.. သရဲ တကယ်ရှိလား၊ မရှိလားဆိုပြီး မေးခဲ့တယ်နော်.. ငွေလိမ်ရင်း ဘဝသက်တမ်းတစ်ဝက်လောက်မှာမှ ဘုန်းကြီးဝတ်ခဲ့တဲ့ ဘုန်းဘုန်းလိုလူမျိုးကတော့ တစ်ဝက်ယုံပြီး တစ်ဝက်တော့ မယုံဘူးလို့ ပြန်ဖြေရမှာပဲ.. ဒါပေမယ့် သေချာတာတစ်ခုကတော့ နတ်ဘုရားတွေက ဒကာလေးခေါင်းရဲ့ သုံးပေအထက်မှာ ရှိတယ်ဆိုတာပဲ.. အဲ့ဒါကြောင့် အရာအားလုံးက ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်.. ဘဝဆိုတာက ကြိုမှန်းထားလို့မရဘူး.. အတင်းအကြပ်လည်း လုပ်လို့မရဘူး"

လွန်ခဲ့သည့်မိနစ်ပိုင်းအထိ တော်တီးတောက်တဲ့ တွေ့ကရာပြောနေသည့် ဘုန်းကြီးတုဘုန်းကြီးယောင်က ရုတ်ခြည်းဆိုသလို ဘုန်းကြီးအစစ်အမှန်တစ်ပါး ဖြစ်သွားရသလိုပင်။ လီယွိမှာတော့ မိမိမျက်လုံးများက မိမိကို ပြန်လည်လှည့်စားနေရသည်လောဟု ထင်မှတ်မှားရလောက်အောင်အထိ ဖြစ်သွားတော့သည်။ အနှီဘုန်းကြီး၏မျက်ဝန်းများတွင် စာနာသနားစိတ်များ ကိန်းအောင်းလျက် လီယွိအား မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ဆို၏။

"အော်မီတော်ဖော"

ထို့နောက် အိတ်ကပ်ထဲ အလှူငွေထည့်ကာ လီယွိ၏တင်ပါးကို ပုတ်လိုက်ပြီးနောက် လမ်းလျှောက်ထွက်သွားလေသည်။

ကြိုတင်ပြဌာန်းထားပါသော ကံကြမ္မာ.. အဘယ်ကဲ့သို့များ ဤအရာက မိမိ၏ပုဂ္ဂိုလ်ရေးရာ လိုအင်ဆန္ဒများနောက်သို့ တပ်ကြပ်မကွာ လိုက်ပါဖြည့်ဆည်းပေးနိုင်လိမ့်မည်နည်း? လူနှစ်ဦးအား မခွဲမခွာ နှောင်ဖွဲ့ပေးထားသော အနီရောင်ဖူးစာကြိုးလေး လေထဲသို့ လွင့်မျောထွက်ခွာသွားသည့်နောက် သံယောဇဉ်နှောင်ကြိုးအလီလီဖြင့် ချည်နှောင်ထားစေကာမူ အဆုံးသတ်တွင်တော့ ယုတ္တိမတန်သည့် ကရော်ကမည် ချစ်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သွားလိမ့်မည်ပင်။ဘုန်းကြီးအတုဟာ လီယွိအပါးမှ မနှေးမမြန် ခြေလှမ်းများဖြင့် လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ထွက်သွားရင်း လှမ်းပြောပြန်၏။

အတိတ်ငွေ့များ ခိုအောင်းရာ [Completed]Where stories live. Discover now