သက်ဆိုင်သူ မောင့်အတွက်သာ

78.1K 8.5K 1.4K
                                    


မနက်ကနေသာပါရက်နဲ့ အခုတော့
ကောင်းကင်တစ်ခွင်မည်းမှောင်လို့ ။ အခုလို
အချိန်မဲ့အခါမဲ့ ရွာတော့မည့်မိုးကြောင့်
လုပ်လက်စအလုပ်တွေအမြန်လုပ်နေရသည် ။
ကျွန်တော်နဲ့နှင်းနှင်းမှာ မိုးကျမလာခင်မြန်မြန် လက်စသတ်နေပေမယ့် ဘေးနားကရပ်ကာ စကားပြောမပြတ်တဲ့သာဒိုးကတော့ အေးအေးဆေးဆေး ။ ဒီသာဒိုး အခုတလော
မောင့်နောက်မှာသိပ်မတွေ့ရပဲ ကျွန်တော်တို့နားမှာသာတဝဲလည်လည် ။
အကြောင်းအရင်းက နှင်းနှင်းကြောင့်ဆိုတာ
သာဒိုးကိုကြည့်တာနဲ့သိနိုင်တော့သည် ။

" မိုးတွေရွာတော့မယ် နင်မပြန်သေးဘူးလား သာဒိုး "

မိုးရွာရွာနေပူပူသူဂရုမစိုက် ဟူသောသဘောနှင့် ပေကပ်ကပ်စကားဆက်ပြောနေလေသည် ။ သူ့ဟာသူပြောနေတာ ကျွန်တော်နဲ့နှင်းနှင်းမှာတော့ သူ့ကိုအလေးမစိုက်နိုင်ပေ ။ ဒါကိုလည်းသိရက်နဲ့
သူ့မှာလည်းမမောနိုင် ။ မောင့်တုန်းကလည်း
ကျွန်တော်အရေးမလုပ်လေ မောင်ကပိုဆိုးလေနဲ့
ကျွန်တော့်နှလုံးသားတစ်ခုလုံးကို မောင်က အပိုင်သိမ်းသွားခဲ့သည် ။ နောက်ကျမှ
သာဒိုးကိုလည်းဆက်ကြိုးစားဖို့
အားပေးပါဦးမည် ။ တွေးနေတာတွေထဲ
မောင့်အကြောင်းလေးပါလာတော့လည်း
ဒီရင်အစုံကလှိုက်ကာခုန်နေမြဲ ။

" ဆွေးမြေ့ထင် နင်ဘာတွေထပြုံးနေတာလည်း "

ဘာမှမဟုတ်ကြောင်းကိုခေါင်းရမ်းကာ
ဖြေလိုက်သည် ။ စိတ်ကူးထဲအတွေးတွေထဲတော့
မောင့်အကြောင်းတွေချည်း ။ အမြန်လုပ်နေရလို့
မောနေတာတွေပင်ပျောက်လို့ ။ ကျွန်တော့်ဆီ
လာမယ်ဆိုပြီး မောင်ကနောက်ကျနေပြန်ပြီ ။
လာလမ်းလေးမှာများရောက်နေမလားဆိုပြီး
လယ်ဘောင်ကန်တင်းဆီကနေ လှမ်းမျှော်
ကြည့်မိသည် ။

မောင့်အရိပ်အယောင်ကိုမတွေ့ရပေမယ့်
အနီးအနားကကောက်ရိတ်သိမ်းနေသော
ရွာတောင်ပိုင်းက မိချစ်စုတို့အဖွဲ့ဆီမှ
ကျွန်တော့်ကိုကြည့်ကာပြောနေသော
တီးတိုးစကားသံတွေကိုကြားရသည် ။
မောင်နှင့်ကျွန်တော့်အကြောင်းသည် ကြာခဲ့ပြီဖြစ်သော်လည်း တစ်ချို့က
အခုထိပြောနေကြဆဲ ဝေဖန်နေကြဆဲ ။
ကျွန်တော်ကနားလည်နိုင်ပါတယ် သည်းခံနိုင်ပါတယ် ။ ကျွန်တော်တို့အဖြစ်လေးက
ဒီကလူတွေအတွက် မဖြစ်စဖူးမကြားစဖူးမလို့
သူတို့တွေဘာပြောပြော ကျွန်တော်ကတော့
ပြုံးပြုံးလေးသာတုန့်ပြန်တတ်တော့သည် ။
မောင် ကတော့မရ ။ ပြောသည့်သူ ဘယ်သူ့ကိုမဆို
စိတ်ရှိလက်ရှိလုပ်ထည့်လိုက်ရမှကျေနပ်သည့်သူ။ ဒါကြောင့် ရွာကသူတွေများဒီအကြောင်းကို
ပြောချင်ပါရဲ့ဆိုတာတောင်  မောင့်ရှေ့မှာတော့ ရှောင်ကြသည် ။ သည်းခံတတ်သော
ကျွန်တော့်ရှေ့မှာသာ အခုလိုဖောက်သည်
ချတော့သည် ။

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now