Part 11

133 18 1
                                    

ကျနော်ချစ်မိသွားတဲ့ကြယ်တွေက ကျနော်နဲ့အလှမ်းဝေးလိုက်တာ အကိုရယ်...။

ကောင်းကင်ပေါ်ကကြယ်ရော...။

နှလုံးသားထဲကကြယ်ရော...။

..................

သွားမယ့်သွားတော့လဲ အဝေးကြီးမဟုတ်ပါဘူး။ ဘေးနားမှာကပ်နေတဲ့ကျွန်းပေါ်ကို သူငယ်ချင်းလေးယောက်သား speed boatစီးပြီး သွားကြတာလေ။ အိမ်ကနေတစ်ဆင့် ကားဂိတ်ကနေ ကားစီးပြီး လှေရပ်နားတဲ့စခန်းကိုလာ ပြီးမှ ကျွန်းကို Speed boat နဲ့သွား။ အစီစဉ်ကို အဲ့လိုတွေဆွဲပစ်ကြတာ။

မတူဘူး။ Jeju မှာ နေထိုင်မှုတစ်ခုရဲ့ ပြယုဂ်ကိုခံစားမိစေတယ်။ ပြောရရင် လူတွေနဲ့ သိုက်သိုက်ဝန်းဝန်းရှိပြီး ဆိုင်တန်းတွေဆိုတာလဲ လက်ညှိုးထိုးမလွဲ။ စည်စည်ကားကားနဲ့ ပျော်စရာကောင်းတဲ့နေရာဆိုရင် အခုဒီကျွန်းလေးကတော့ အေးအေးချမ်းချမ်းနဲ့ ပျော်စရာကောင်းတဲ့နေရာပဲပေါ့။ သူ့နေရာလေးနဲ့သူ သူ့အစုလေးနဲ့သူ ရှိနေကြတဲ့ အုတ်ကြွပ်ခေါင်မိုးပြာပြာလေးတွေရယ်၊ မြူခိုးတွေဝေ့နေတဲ့ စိမ်းစိမ်းစိုစိုတောင်တန်းမြင့်မြင့်တွေရယ်က သိပ်ကိုကြည်နူးဖို့ကောင်းစေတာပဲ။

သူတို့လေးယောက်ရောက်တယ်ဆိုရင်ပဲ အရင်ဆုံးတည်းခိုဖို့နေရာရှာကြရတယ်။ ဒီကျွန်းက လူသိပ်မသိတဲ့ရတနာလိုတစ်ခုပါပဲ။ သိပ်လှတဲ့ရတနာတစ်ပါးလို သဘာဝပတ်ဝန်းကျင်ရှိပေမယ့် လူရောက်နည်းတယ်ပဲ ပြောရမှာပေါ့။

"ငါတို့ ဟိုနားကစားသောက်ဆိုင်မှာတော့ တည်းလို့ရလောက်တယ်..."

Yuta ရဲ့ ကောက်ချက်ချမှုက တကယ့်ကိုမှန်ပါတယ်။ သူတို့လှေဆိပ်ကနေ တည့်တည့်လျှောက်လိုက်ရင် တွေ့နေရတဲ့ နှစ်ထပ်စားသောက်ဆိုင်ရဲ့ အပေါ်ဆုံးထပ်မှာတည်းလို့ရခဲ့တယ်။

"သားတို့... အပေါ်ထပ်က ဧည့်သည်တွေအတွက်ပဲဆိုတော့ လေးယောက်လွတ်လွတ်လပ်လပ်နေနော်..."

ဆိုင်ရှင်အဒေါ်ကြီးရဲ့ ဧည့်ဝတ်ကျေမှုကတော့ လက်ဖျားခါလောက်တယ်။ တကယ့်ကို သဘောကောင်းတဲ့အဒေါ်ကြီးပါပဲ။ အဲ့လိုနဲ့ သူတို့နေရေးထိုင်ရေးအဆင်ပြေသွားပြီဆိုပါတော့။ ကျယ်ကျယ်လွင့်လွင့်နေလို့ရတဲ့ အခန်းကျယ်မှာ သူတို့လေးယောက် အထုပ်တွေအရင်ချတယ်။ ပြီးတော့ ဆိုင်ရှင်အဒေါ်ကြီး ပြောပြခဲ့တဲ့ အခန်းထောင့်မှာကပ်ထားတဲ့ ဗီရိုကိုဖွင့်ပြီး အိပ်ရာလိပ်နှစ်ခုကိုထုတ်လိုက်တယ်။

Dry leaf in my DiaryWhere stories live. Discover now