(၁)

349 19 0
                                    

၁)

လက်တစ်ဖက်ကဂိမ်းစက်ကိုကိုင်ထားရင်း လက်တစ်ဖက်ကတိုကပ်ကပ်ဆံပင်ထဲ ထိုးပြီးပွတ်ကြည့်လိုက်တဲ့အခါ သူကကျွန်တော့်လက်ကိုဖယ်ချတယ် ။ အနောက်ဘက်ကိုရှိတ်ထိုးထားတဲ့ဆံပင်က အောက်ဘက်ကနေအပေါ်ဆီလှန်တင်ပြီးပွတ်လိုက်တာနဲ့တင် ခပ်ကြမ်းကြမ်းအသိကိုရတယ် ။ သိပ်ကိုင်လို့ကောင်းတယ် ။ သူဆံပင်ညှပ်ပြီးကာစတိုင်း ကျွန်တော်မကိုင်ပဲကိုမနေနိုင်ဘူး ။ အဲ့ဒီလို ကျွန်တော်ကိုင်တဲ့အချိန်တိုင်းလည်း သူကကျွန်တော့်လက်ကိုဖယ်ချတတ်တယ် ။ ဂိမ်းလည်းရှုံးသွားတယ်၊ လက်လည်းပုတ်ချခံရတာမို့ ညစ်သွားတဲ့ကျွန်တော်က မင်းကောင်မလေးကျ ဒီလိုမလုပ်ပါလားလို့ အသံကျယ်ကျယ်နဲ့ပြောတဲ့အခါ သူကရယ်ရင်းပြန်ပြောတယ် ။ မင်းကငါ့ကောင်မလေးမှ မဟုတ်ပဲနဲ့လေတဲ့ ။ အဖြစ်မှန်ကိုသိရဲ့သားနဲ့ လျှာရှည်ပြီးပြောလိုက်တဲ့ကျွန်တော်က အလကားရတဲ့နာကျင်ခြင်းတွေကို သိသိသာသာသဲ့ယူနေတဲ့ အရူးတစ်ယောက် ။ အဲ့ဒီအရူးဟာ သူငယ်ချင်းရပ်ဝန်းမှာ အသားကျနေသူလည်းဖြစ်သေးတယ် ။

---

၂)

သူနဲ့ကျွန်တော်စသိတာက ဒီဇင်ဘာလတစ်လမှာ ။ သိပ်ကိုချမ်းအေးနေတဲ့ရာသီမှာ ကျွန်တော့်ကိုနွေးထွေးစေသူနဲ့တွေ့ခဲ့တာပေါ့ ။ ကျွန်တော်ဆယ်တန်းကျလို့ အမေကဆူပူနေတော့ စိတ်ညစ်ညစ်နဲ့ထွက်လာခဲ့တဲ့ လမ်းထိပ်ကဘီယာဆိုင်မှာ သူကရှိနေတာ ။ သူ့ကိုကျွန်တော်သိပြီးသားပါ၊ သူငယ်ချင်းတွေစုရုံးစုရုံးနဲ့ တေလေဂျပိုးလုပ်နေကြတာကို ကျောင်းမှာမကြာခဏမြင်ဖူးတယ် ။ ကျွန်တော်တို့က မရင်းနှီးတာသာရှိမယ်။ တစ်ကျောင်းတည်း၊ တတန်းတည်း။ ပြီးတော့ ကျွန်တော်တို့နှစ်ကောင်လုံးက လူဆိုးတွေဆိုတာ ဆယ့်ခြောက်နှစ်နဲ့ ဘီယာဆိုင်ရောက်နေကြတဲ့ဖြစ်ရပ်က သက်သေပဲ ။ ရယ်ရယ်မောမောနဲ့ဘီယာသောက်နေကြတာ တဖွဲ့လုံးစာမေးပွဲအောင်တာဖြစ်ရမယ်လို့ ကျွန်တော်ကခပ်ညစ်ညစ်နဲ့တွေးဖြစ်ခဲ့သေးတယ်။ အဲ့နေ့ကညစ်နေတဲ့ကျွန်တော်က သူ့အဖွဲ့ကတစ်ယောက်နဲ့တိုက်မိပြီး ရန်ပွဲဖြစ်မလိုဖြစ်တယ် ။ အများနဲ့တစ်ယောက်မို့ ကျွန်တော်ခံရမယ့်ကိန်းမှာ သူသာဝင်မဖျန်ဖြေရင် အိမ်မှာဆူပူနေတဲ့အမေ စုတ်ပြတ်သတ်နေတဲ့ကျွန်တော့်မျက်နှာကိုပဲပြန်မြင်ရမှာ လုံးဝသေချာသလောက်ပဲ ။ ကျွန်တော်သူ့ကိုကျေးဇူးတင်စကားပြောလိုက်တော့ သူကဂိုက်များနေတဲ့အစ်ကိုကြီးတစ်ယောက်အသွင်နဲ့ အေးဆေးလို့ပြန်ပြောသွားတယ် ။ တကယ်ဆိုရင် ကျွန်တော်နဲ့သူကရွယ်တူကို သူကအသက်ကြီးသူတစ်ယောက်ဂိုက်ဖမ်းသွားခဲ့တယ် ။ သူနဲ့ကျွန်တော်က အဲ့ဒီအထိ လုံးဝကိုမရင်းနှီးတဲ့သူစိမ်းနှစ်ယောက်ပဲ။ နောက်နှစ်ကျ ကျွန်တော်ဆယ်တန်းဒုတိယနှစ်ပြန်တက်ရတယ်။ repeaterမို့ အရင်နှစ်ကတက်ခဲ့တဲ့ အခန်း(C)ကနေ ခုန်ဆင်းသွားတာက ဟိုးနောက်ဆုံးအခန်းဖြစ်တဲ့ ဆယ်တန်း (F)အခန်း။ အဲ့မှာပဲ အခန်းထဲဝင်တော့မြင်လိုက်ရတာက အနောက်ဆုံးတန်းမှာ ထီးထီးကြီးထိုင်နေတဲ့ အဲ့ကောင်ကို ။ ဆယ်တန်းအောင်တယ်လို့ ကျွန်တော်ထင်နေမိတဲ့ကောင်က ကျွန်တော့်လိုပဲ ဆယ်တန်းကျ။ သူမသာကိုယ်မသာဘဝမှာ အဲ့ကောင်လည်း ကျွန်တော့်လိုပဲ သောက်ပိန်း ။ မေးနေစရာမလိုဘူး .. သောက်ပိန်းတွေအကုန် (F)အခန်းမှာရှိကြတယ် ။

FRIEND [Completed]Where stories live. Discover now