(၇)

50 6 0
                                    

၁၃)

၆တန်းနှစ်မှာ ဖေနဲ့မေ ကွာရှင်းခဲ့ကြတယ် ။ တလှည့်စီလိုက်နေတဲ့အခါ ဖေနဲ့မေဆီကနေ အကြားရဆုံးစကားတွေက အချစ်ကမရေးမပါဘူးဆိုတာတွေပဲ ။  စူးစမ်းချင်တဲ့ဆယ်ကျော်သက်သူက ရည်းစားတွေထည်လဲများခဲ့တာ ထိုစကားတွေကြောင့်များလားလို့ သံသယဖြစ်မိတယ် ။ နောက်တော့ တက္ကသိုလ်အရောက်မှာ သူ့ကိုတိုက်ခန်းတစ်ခန်းဝယ်ပေးခဲ့ကြတယ် ။ မိဘဝတ္တရားကို သာတူညီမျှကျေပွန်ချင်ပုံရတဲ့ဖေနဲ့မေက တိုက်ခန်းငွေကို တစ်ယောက်တစ်ဝက်ထည့်တယ် ။ ဆယ်တန်းနှစ်မှာ ဖေဟာနောက်အိမ်ထောင်ပြုပြီးပြီဖြစ်ပြီး မေဟာတော့ သူတက္ကသိုလ်ပထမနှစ်ပြီးခါနီးမှာ အိမ်ထောင်ထပ်ပြုခဲ့တယ် ။ အဲ့ဒီလိုကိုယ်စီမိသားစုတွေနဲ့မို့ သူ့ကိုလည်း တွေးထင်သလောက်တော့ လိုအပ်လောက်မယ်မထင်ပါဘူး ။ ဒီအတွေးတွေကို ဘွဲ့ဝတ်စုံဝတ်ထားတဲ့ဝက်ဝံရုပ်လေးကိုင်ထားပြီး သူ့ကောင်မလေးနဲ့ဓာတ်ပုံတွဲရိုက်နေတဲ့ ချစ်ရသူကိုကြည့်ပြီးတွေးနေမိတာဖြစ်တယ် ။ ကျွန်တော့်လက်ထဲမှာလည်း အဲ့ဒီလိုဆင်တူဝက်ဝံရုပ်လေးဖြင့် ။ သူနဲ့ကျွန်တော်နဲ့ သူငယ်ချင်းသက်တမ်း ၅နှစ် ၊ သူ့ကောင်မလေးနဲ့သူ သူငယ်ချင်းသက်တမ်း ၂နှစ်မှာ ကျွန်တော်ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ် ။ သူအိမ်ထောင်ပြုပြီးရင်တော့ ကျွန်တော်သူ့ဘဝထဲကနေရော ကျွန်တော့်ဘဝထဲကနေရော ထွက်သွားတော့မယ်ဟူ၍ ။ ဘဝဟာနေမပျော်တော့တာ ကျွန်တော်နမ်းခွင့်မရတဲ့သူ့နှုတ်ခမ်းတွေကို တစ်စုံတစ်ယောက်စိုးမိုးထားပြီးတည်းကပင် ။

---

၁၄)

လုပ်ငန်းခွင်ဝင်သင့်ပြီဆိုပေမယ့် ကျွန်တော်ဟာကျွန်တော့်အတွေးနဲ့ကျွန်တော်မို့ တိုက်ခန်းမှာသာအောင်းနေဖြစ်ခဲ့တယ် ။ သူကတော့ ထက်သန်နေတဲ့စိတ်ကူးတို့ဖြင့် ။ ရှေ့ရေးကိုကြိုတွေးပြီး မျက်ဝန်းတို့က လင်းလက်နေတယ် ။ သူ့မှာကအားအင်တွေနဲ့ ကျွန်တော့်မှာက သူရဲဘောကြောင်မှုတို့နဲ့ ။ ကြုံဆုံတဲ့အခါတိုင်း သူပြောပြတတ်သည်ကတော့ ဘယ်မှာအလုပ်လျှောက်ပြီး ဘဝကိုဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့ အကြောင်းတွေပါပဲ ။ ကျွန်တော်ကဂိမ်းဆော့နေတတ်ပြီး ကျွန်တော့်ဘေးမှာထိုင်နေတဲ့သူက စကားတွေတတွတ်တွတ်ပြောနေတတ်တယ် ။ သူ့ကောင်မ‌လေးနဲ့မချိန်းတွေ့တဲ့နေ့တွေဆို ကျွန်တော့်အိပ်ခန်းက သူ့အတွက်အချိန်ကုန်ဆုံးရာနေရာ ။ ပြောနေတဲ့အကြောင်းအရာတွေထဲ သူ့ဘဝတစ်စိတ်တပိုင်းမှာ ကျွန်တော့်ကိုထည့်ထားပေးတာကတော့ အချစ်ပိုတိုးရတဲ့အကြောင်းအရင်းတွေပေါ့ ။ ဒါပေမယ့်လည်း ကျွန်တော်သူ့ကို အရိပ်အမြွက်ပေးချင်မိတယ် ။ သူတွေးထားသလို ကျွန်တော်သူ့ဘေးမှာ မနေနိုင်တော့ဘူးဆိုတာကို ။ ကျွန်တော်ဟာ သူရဲဘောကြောင်ပါတယ် ။ ရင်မဆိုင်နိုင်တဲ့အခါ ထွက်ပြေးဖို့ကိုသာ ရွေးချယ်လိုက်တော့မယ် ။ ဘဝကြီးဟာ ထင်သလောက်လည်း ဖက်တွယ်ထားဖို့မကောင်းပါဘူး ။

FRIEND [Completed]Where stories live. Discover now