(၆)

39 5 0
                                    

၁၁)

ကျွန်တော့်ကိုစိတ်ဆိုးသွားသူက ကျွန်တော်မချော့မချင်း စိတ်ပြေမှာမဟုတ်သလို ကျွန်တော့်ကိုလည်းစကားပြောမှာမဟုတ်ဘူး ။ ဒီကကောင်အရူးအမူးချစ်ရသူက လူပုံနဲ့မလိုက်အောင် တကယ့်ကောက်တေး ။ လမ်းထိပ် 24hrsစတိုးဆိုင်ကနေ ‌သူကြိုက်တဲ့ချောကလက်တောင့်တွေကိုဝယ်ပြီး သူ့အိမ်သွားတော့ ရင်းနှီးနေပြီးသား ပန်းနုရောင်ဖိနပ်လှလှက စီးလို့ကြိုတယ် ။ ကျွန်တော့်နှလုံးသားက နုနယ်လွန်းနေတဲ့ပုံ ။ ကျွန်တော်မပိုင်ဆိုင်နိုင်တဲ့ရုပ်နာမ်ကို ပိုင်ဆိုင်ထားသူရဲ့ တစိတ်တပိုင်းကို မြင်ရရုံနဲ့တင် ရင်ဘတ်ကကိုက်ခဲလာတော့တယ် ။ အိမ်ကတောင် သိနေပြီဖြစ်တဲ့အနေအထားပေါ့ ။ ခြံစောင့်ဦးလေးက ခြံတံခါးဖွင့်ပေးပြီး ပန်းပင်တွေရေလောင်းနေတဲ့အန်တီက ကျွန်တော့်ကိုကြိုဆိုတယ်။ သားသူငယ်ချင်းနဲ့ သူ့ကောင်မလေး ထမင်းစားနေကြတယ်လို့ပြောတော့ ကျွန်တော့်ခြေလှမ်းတွေအထဲဝင်ဖို့တောင် အားမရှိတော့ဘူး ။ ထမင်းဝိုင်းမှာ ကောင်မလေးကဘယ်နေရာထိုင်နေလောက်လဲ ။ ကျွန်တော်အမြဲထိုင်နေကျ သူ့ညာဘက်ဘေးခုံများလား ။ အားမရှိတဲ့ခြေထောက်တွေကို အနိုင်နိုင်မသယ်နေတော့ပဲ လက်ထဲကချောကလက်တွေကိုသာ အန်တီ့ဆီပေးခဲ့လိုက်တယ် ။ သွားစရာရှိသေးလို့ဆိုတဲ့ မုသားတစ်ခုကိုတော့ သုံးခဲ့ရတာပေါ့ ။ လှည့်ထွက်တဲ့အခါ မျက်ဝန်းထဲကမျက်ရည်တွေဟာ လွင့်ခနဲ ။ သူ့ကမ္ဘာအရောင်စုံနေတဲ့အချိန် ကျွန်တော့်ကမ္ဘာမှာ မည်းမှောင်နေပါတယ် ။ အညှိုးကြီးကြီးရွာချနေတဲ့ မိုးတိမ်ထုတို့ဖြင့် မည်းချင်တိုင်းမည်းနေတော့တယ် ။

---

၁၂)

ရေပန်းအောက်ဝင်ထိုင်ပြီး သောက်ရူးလုပ်ရပ်တွေလုပ်မိခဲ့တဲ့ကျွန်တော်က နောက်နေ့မှာအပြင်းဖျားတော့တယ် ။ ဖေနဲ့မေဝယ်ပေးထားတဲ့တိုက်ခန်းမှာ တစ်ယောက်တည်းနေသူမို့ ပြုစုပေးသူမဲ့ပါတယ် ။ သူ့ကိုလှမ်းခေါ်ဖို့ရာလည်း ကျွန်တော်ယောင်လို့တောင်မှ မတွေးဖြစ်ခဲ့ဘူး ။ ကျွန်တော့်နာကျင်ခြင်းတွေက သူ့ဆီကနေပဲဦးတည်ပေါက်ဖွားလာတာမို့ ခန္ဓာကိုယ်အနာတရဖြစ်နေတဲ့အချိန် စိတ်ကိုပါအနာတရထပ်မဖြစ်စေချင်ရုံ ။ ဒါပေမယ့်လည်း ကျွန်တော်ဟာ ဆုတောင်းမပြည့်သူအဖြစ် မွေးဖွားလာတဲ့ပုံပါပဲ ။ ပေးထားတဲ့သော့နဲ့ အလွယ်တကူဖွင့်ဝင်လာပုံရတဲ့သူဟာ ကျွန်တော့်နာမည်တကြော်ကြော်အော်ခေါ်ရင်း ကျွန်တော့်အိပ်ခန်းဆီရောက်လာတော့တယ် ။ မနက်ကအန်တီ့ဆီပေးခဲ့တဲ့ ချောကလက်ရခဲ့ပြီထင်တယ် ။ စောင်နဲ့ပတ်ကွေးနေတဲ့ကျွန်တော့်ကိုမြင်တော့ အခုချိန်မှာ သူ့ဆီမှာကျွန်တော်မမြင်ချင်တဲ့ စိတ်ပူရိပ်တို့ဖြင့် ။ သူဟာကျွန်တော့်ကိုရေပတ်တိုက်ပေးရင်း ငါစိတ်မဆိုးတော့တာ ငါ့ကောင်မလေးမင်းဘက်က ပြောပေးလို့နော်ဆိုတဲ့ စကားကိုလည်း ပြောလာခဲ့ပါသေးတယ် ။ ကျွန်တော်ကျေးဇူးတင်စိတ်မဖြစ်မိပါဘူး ။ ကျွန်တော့်အစိတ်အပိုင်းတစ်ခုဟာ ထိုကောင်မလေးကြောင့်ပဲ အထပ်ထပ်နာကျင်နေရတာမို့ မလိုချင်တဲ့အကူအညီပေးလာတဲ့ အပြစ်မရှိတဲ့ထိုကောင်မလေးကို ကျွန်တော်ပိုလို့တောင် စိတ်မကြည်ဖြစ်မိသေးတယ် ။ သူက ကျွန်တော်ပေးတဲ့ချောကလက်တွေကို သူ့ကောင်မလေးနဲ့ခွဲစားလိုက်ကြောင်းလည်း ထပ်ပြောလာသေးတယ် ။ ကျွန်တော်က သူတစ်ယောက်တည်းစားဖို့သာ ရည်ရွယ်ထားတာမို့ အဲ့ဒီစကားကြားလိုက်ရတဲ့အချိန် ရေပတ်တိုက်ပေးနေတဲ့သူ့လက်တွေကို တွန်းဖယ်ပစ်လိုက်မိတယ် ။ သူကတော့ ကျွန်တော်နေမကောင်းဖြစ်တဲ့အချိန် ဂျစ်တိုက်တတ်တဲ့ကျွန်တော့်အကျင့်ကိုသိတော့ ဂျစ်တိုက်နေတယ်ပဲထင်ပြီး မဆိုးစမ်းနဲ့လို့ ဟန်ပါပါမာန်မဲပါတယ် ။ ကျွန်တော်ငိုချပစ်ချင်နေပြီ ။ သူ့ရှေ့မှာ ကျွန်တော်ငိုချပစ်ချင်နေတယ် ။ ဘုရားသခင် ... အဖျားကြီးပြီး ကျွန်တော်သေသွားရင် ဒီဒဏ်ရာတွေချုပ်ငြိမ်းသွားလောက်နိုင်မလား ။

FRIEND [Completed]Where stories live. Discover now