Part 9

256 39 4
                                    

Hope not

"အဆင်ပြေမှာပါနော်"

"အင်းပြေမှာပါစိတ်မပူနဲ့ အဖေကအများကြီးသဘောကောင်းတယ်သိလား"

ဇနေးက ဂျီဆူ့လက်တစ်ဖက်ကိုဆုပ်ကိုင်လာရင်း စိတ်ပူနေဟန်ဆိုသည်။ ဂျီဆူသူ့လက်ဖမိုးပေါ်ကို ခပ်ဖွဖွပြန်ဆုပ်ထွေးရင်း မပူပန်စေရန်နှစ်သိမ့်ရသည်။ ပြီးတော့ ကျေးဇူးတင်ရသည်။

လည်ပိတ်ဆွယ်တာအဖြူဆွတ်ဆွတ်လေးနှင့်စတိုင်ပန့်အနက်ရောင်ကိုဝတ်ထားသော ဇနေးက ဟိတ်ကြီးဟန်ကြီးမရှိပဲ ရိုးရိုးရှင်းရှင်းလေးဖြစ်သည်။ ဂျီဆူတို့အိမ်လမ်းကြားလေးထဲမဝင်ခင် ရပ်နေကျနေရာမှာဇနေးကကားကိုရပ်သည်။

လမ်းကြားတစ်ထောင့်ကိုချိုးပြီးတာနှင့်ဂျီဆူတို့အိမ်ကို တန်းရောက်တာမို့ လူတွေမြင်မှာစိတ်ပူစရာတော့မလိုချေ။ နွေဦးရောက်လာသော်ငြား မနက်စောစောပဲရှိသေးတာမို့ အပြင်ထွက်လျှင်နည်းနည်းတော့အေး၏။ ကားပေါ်ကမဆင်းခင် နို့နစ်ရောင်ကုတ်တစ်ထည်ကိုလှမ်း‌ပေးပြီးဂျီဆူ့အားဝတ်စေ၏။ သူကတော့ အညိုရောင်တစ်ထည်ကိုဝတ်သည်။ပြီးလျှင် အဖေ့အတွက်ဟုဆိုကာ ဝယ်လာသော သစ်သီးခြင်းနှင့်ပီဇာထုပ်ကိုကိုင်ကာ ကားပေါ်မှဆင်း၏။

သူအနားရောက်လာတာနှင့် ဂျီဆူသူ့လက်တစ်ဖက်ကိုတွဲလိုက်သည်။ သူကဂျီဆူ့ကိုငုံ့ကြည့်ကာ ပြုံးပြလာပါသည်။ ဒါကဘယ်လိုကြည်နူးမှုမျိုးလဲတော့ ဂျီဆူမသိပါ။ လှိုင်းလေးပုတ်သွားသလိုငြိမ့်ငြိမ့်လေးဖြစ်သည်။

ခြံထဲကိုဝင်လိုက်တာနှင့် အပြာရောင်စက်ဘီးတစ်စီးကဆီးကြိုနှင့်သည်။ ဂျီဆူဇနေးကိုလှမ်းကြည့်လိုက်ရင်း ဆုံးဖြတ်ချက်တစ်ခုကိုမချနိုင်ခင်မှာပင် စက်ဘီးပိုင်ရှင်က ဂျီဆူတို့အိမ်ထဲမှထွက်လာပြီး သူတို့ကိုတအံ့တဩစိုက်ကြည့်လာသည်။

"ဆောအာ..."

ဂျီဆူသူ့ကိုတွဲချိတ်ထားသော လက်ကိုလွတ်လိုက်တော့ ဇနေးကမရေမရာအကြည့်ဖြင့်ကြည့်သည်။ ဆောအာနောက်မှ အဖေကလိုက်ထွက်လာပြီး ဆောအာကတော့ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးရပ်နေသည်။

Hope NotWhere stories live. Discover now