ပြီးဆုံးရန် ၃ ရက်မျှကျန်ရှိနေသေးသည့် စာမေးပွဲခန်းအဝတွင်ဖြစ်၏...။ ရရှိခဲ့သော ပိတ်ရက်နှစ်ရက်သည် မျက်တောင်တစ်ခတ်မျှသာ ကြာမြင့်လိုက်သည့်နှယ်..။အတန်းထဲမှ စာတော်သည့် ထိပ်တန်းကျောင်းသားများပင် ယောက်ယက်ခတ်လျက် ကိုယ့်အစုနှင့်ကိုယ် ပျားပန်းခတ်နေကြသည့် အချိန်ဖြစ်လေသည်..။
မိတ္တူစာရွက် အထပ်လိုက်ကိုင်၍ လှေကားရင်းတွင် ငုတ်တုတ်ထိုင်နေသော ခန့်မှာ တည်ငြိမ်သော မျက်လုံးသေများဖြင့်..။
လက်ထဲမှ ရေခဲများအရည်ပျော်နေသော Latte ကော်ဖီခွက်သည်ပင် သူ၏ ပျင်းရိခြင်းများအား မကူညီနိုင်ရာ..။
သူ့အဖြစ်မှာ နောက်တစ်ကြိမ် စာရွက်များထဲသို့ ကြည့်လိုက်မိလျှင်ပင် ဤနေရာ၌ တုံးခနဲ လဲသေသွားတော့မည့်နှယ်...။
"စာရပြီလား.."
လှေကားထိပ်တွင်ထိုင်တာ ဘေးဘက်မှ နံရံကို အလုံးစုံ ပစ်မှီထားသော ခန့်သည် ထိုအသံကြောင့်ပင် ဆတ်ခနဲဖြစ်သွားလျက် သူ၏ ရှေ့သို့ မော့ကြည့်လိုက်မိ၏..။
အတွင်းဘက်လှေကားမှ တက်လာသော စစ်ရှင်းခန့်သည် သူ့အား ပြုံးရယ်၍ ကြည့်နေလျက် အမေးစကားဆိုလာခြင်း ဖြစ်လေသည်...။
"အမ်း..မရသေးဘူး..။ ဘာဆို ဘာမှကို မရသေးတာ.."
မနက်မိုးလင်းကတည်းက ငုတ်တုတ်ထိုင်ကာ မှိုင်တွေလျက် ရှိနေခြင်းမှာ စနေနေ့ညနေက သူတို့အတူသောက်ခဲ့သော Craft Beer များကြောင့်ပင် မဟုတ်..။
ခန့်သည် ယနေ့ဖြေမည့်ဘာသာအား ဘာဆိုဘာမှ မသိနေသလို ၊ တစ်ခါမျှ မမြင်ဖူးသယောင် ဖြစ်နေသောကြောင့်ပင်..။
သူ၏ အဖြေစကားအား ခပ်သောသောရယ်လျက် ဘေးမှ ဖြတ်ကာ အပေါ်တက်သွားသော စစ်ရှင်းခန့်၏ နက်ပြာရောင် ကတ္တီပါညှပ်ဖိနပ်သိုင်းကြိုးမှာ ခန့်၏ စိတ်ထဲ စွဲထင်၍ ကျန်ရစ်ခဲ့ပြန်သည်..။
သို့သော် အချိန်ကြာကြာ မစဉ်းစားအားပဲ လက်ထဲမှ မိတ္တူစာရွက်တို့အား လှန်လှောမိလျက် ပုစ္ဆာတစ်ချို့အား စတင်၍ အာရုံစိုက်ကာ ကြည့်လိုက်မိလေ၏..။