အဝါရောင်ဒဏ်ရာ - ၁၀

52 9 6
                                    



ကြည်လင်ပြတ်သားစွာမှတ်မိနေသေးတဲ့ ပျော်ရွှင်မှုအချိန်အခိုက်အတံ့တွေကပဲ အနာတရတွေကို ပေးသလား..။ ရွေးချယ်မှုတစ်ခုချင်းစီကပဲ ဒီနေရာအထိရောက်အောင် လမ်းညွှန်ခေါ်လာပြီးတော့ ပြတ်ရှမှုတွေကို ပေးသလား..။

ဒါမှမဟုတ် ငါတို့ခံစားနေရတဲ့ ဒုက္ခတွေက တူတူပဲလား..။

မတူညီတဲ့ ဒုက္ခမျိုးစုံကို တူညီတဲ့ဘဝကြီးထဲမှာ အတူတူခံစားနေရတဲ့ လူတစ်ယောက်ဖြစ်တဲ့နည်းတူ ဒီလိုလူသေအနံ့တွေနဲ့ပဲ ပြည့်နှက်နေတဲ့ ငရဲထဲကို ဘယ်လိုအကြောင်းအရင်းမျိုးကြောင့်များ ရောက်လာခဲ့ရသလဲလို့ ဧကဟာ အချိန်တိုင်း မေးခွန်းထုတ်နေဖြစ်နေခဲ့တာပဲ..။

လူသေအနံ့တွေ...။ အပုပ်နံ့တွေ..။ တောရိုင်း တိရစ္ဆာန်တွေ..။

ဒါတွေသာ နေရာအနှံ့မှာ ပြန့်ကျဲနေခဲ့ပြီးတော့...ယခင်အချိန်တွေကဆိုရင်လို့သာ တမ်းတပြောဆိုနိုင်လောက်တော့တဲ့ ကမ္ဘာပျက်ကြီးထဲမှာ ဘယ်အချိန်ထိ ပိတ်မိနေမယ် မသိနိုင်တော့ဘူးလေ..။

အစာကွင်းဆက်ရဲ့ အောက်ဆုံးနေရာနီးပါးကို ရောက်ရှိသွားပြီဖြစ်တဲ့ လူသားမျိုးစိတ်တွေ..။ မကြာခင်မှာရောက်လာတော့မယ့် အမှောင်ထုနဲ့ ဆာလောင်မှု..။

ပကတိအတိုင်းရှိနေသေးတဲ့ကမ္ဘာကြီးမှာ အရာရာ အကောင်းအတိုင်းပြန်ဖြစ်လာဖို့ ကယ်တင်ပေးမယ့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်များ ရှိနေဦးမှာလား..။

_________

ဧကသည် မိမိ၏မွေ့ရာပေါ်တက်လာပြီး လက်ပုစိလေးများဖြင့် သူ၏ အကောင်းမွန်ဆုံးအိပ်စက်ခြင်းအား လာနှောင့်ယှက်နေကြပါသော သမီးနှင့် သားငယ်အား သိမ်းကြုံးဖက်ကာ အိပ်ရာမှ ထလိုက်သည်..။

သို့သော် သူသည် လူသားမျိုးနွယ်တို့ မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကပ်ဘေးကာလ၏ မနက်ခင်းအချိန်တစ်ခုတွင် ပြန်လည်၍ နိုးထလာခဲ့၏..။

ယခုတော့ သူ့တွင် သမီးကြီး မရှိ..။ သားငယ် မရှိ..။ မိသားစု မရှိ..။ ဗလာနတ္ထိ..။

အိပ်မက်များအတွင်းမှ အတိတ်တို့ကိုသာ ပြန်လည် တမ်းတကာ နေထိုင်ရသူတို့၏ အဖြစ်သည် ငရဲတစ်ခုကဲ့သို့ နာကျင်ရလွန်းလှသည်...။ အထီးကျန်လွန်းလှ၏..။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now