[5] Choosing the University's God & Goddess

10.2K 785 93
                                    

Zawgyi version is below ⬇️

#Unicode

ဒီကမ္ဘာမှာ တိုက်ရိုက်မငေးကြည့်သင့်သော အရာနှစ်ခုရှိသည် ။ သူရိန်နေမင်းနှင့် တစ်ယောက်သောသူ၏ မျက်ဝန်းများ ... ။

ဖူးသစ်အား ထုတ်ချင်းပေါက်မတတ် စူးစိုက်ကြည့်နေသော အညိုရင့်ရင့် မျက်ဝန်းသူငယ်အိမ်တွေက ကျုံ့သွားလိုက် ကျယ်သွားလိုက်နှင့် ... ။ သူ သိပ်ကို အမျက်ထွက်နေတယ်ပေါ့ ။ အဝေးမှတင် ဒီကောင်မလေး ပြာကျတော့မည် ။

တစ်ချိန်က သူ့ မြင်ကွင်းထဲတောင် မပါခဲ့တဲ့ ဖူးသစ်ဟာ အခုတော့ သူ့အငြိုးစက်ဝန်းရဲ့ အလယ်ဗဟိုဖြစ်ခဲ့ပြီ ။ အဆင့်တက်သွားတယ်လို့ပဲ ခေါ်ရမလား ?

ဖူးသစ် သူ့ဆီကနေ အကြည့်လွှဲကာ ခပ်မဲ့မဲ့ပြုံးမိ၏ ။ ပြုံးနေတိုင်း သိပ်ဝမ်းသာနေတယ် မဟုတ် ။ တချို့အခြေအနေတွေမှာ မငိုနိုင်တော့တာမို့ ၊ ပြုံးသာပြုံးနေခဲ့တာပါ ။

သူ ရွဲ့တာမို့ ဖူးသစ် ပြန်ရွဲ့မိတာ ... ။ ဒီမာနတွေက အချစ်ရဲ့ စာမျက်နှာတစ်ဖက်လို့ပဲ ခေါ်ရမလား ?

ဖူးသစ်၏ စကားတစ်ခွန်းကြောင့် မာန်ရှိုင်းဆက်ရဲ့ တည်ငြိမ်နေတဲ့ ရေသေမျက်နှာပြင်ထပ် လှိုင်းတစ်ပွက်ထသွားပုံက ကျေနပ်စရာကောင်းသည် ။ ဝမ်းနည်းနေတဲ့ ဖူးသစ်ကို သူလိုချင်တာဆိုရင် ဒီတစ်ခါ သူ့ရည်ရွယ်ချက် မအောင်မြင်တော့ဘူး ။

အချိုရည်ရွှန်းသွားတဲ့ နှုတ်ခမ်းရဲရဲတွေကို လျှာနဲ့မသိမသာ သပ်လိုက်ရင်း ဖူးသစ် သူ့ ကြေငြာမှုအား ထောက်ခံလိုက်သည် ။

" ဟုတ်ပ မရင်းနှီးဘူး "

ဖူးသစ် ထိုသို့ဆိုလိုက်ရင်း ဘောင်းဘီအိတ်ထဲ လိတ်ထည့်ထားသော တစ်ထောင်တန်အသစ်ကျွတ်ကျွတ် တစ်ရွက်ကို ထုတ်လိုက်သည် ။ ပြီးနောက် နှုတ်ဆိတ်နေတဲ့ သူ့ထံ လျင်မြန်စွာလျှောက်သွားကာ သူ့လက်ကို ဆွဲယူပြီး ပိုက်ဆံထည့်ပေးလိုက်၏ ။

" ရော့ ၊ အကျွေးတင်နေမှာ စိုးလို့ "

ဒေါသတကြီး လှမ်းဆွဲကိုင်လိုက်မိတဲ့ သူ့လက်ဖဝါးတွေက ဖူးသစ်၏ လက်သီးဆုပ်ဖြူဖြူလေးထက် အလွန်ကြီးကာ နီမြန်းပူကျစ်နေသည် ။ သူ့အသားကို ထိတွေ့မိချိန် တစ်ကိုယ်လုံး ကျဉ်တက်သွားတဲ့ လျှပ်စီးတစ်ခုအား လစ်လျှူရှုကာ ဖူးသစ် လှည့်ထွက်ခဲ့သည် ။

Taming the F*ck-boy (Hiatus)Where stories live. Discover now