Tearing Me Up Chapter 16

3.3K 258 141
                                    

Unicode

Tearing Me Up Chapter 16

ခြံဝန်းတံခါးအနားမှာရပ်နေသော ရှင်းသ အားလှမ်းကြည့်နေရင်း ခြံရံသက်ပြင်းတစ်ချက်ချလိုက်သည်။ဒီအတောအတွင်း ရှင်းသ နှင့် သူ့ရဲ့ကြားမှာ ဖြစ်ပျက်ခဲ့သောအရာများအကြောင်းတွေးနေရင်းလည်း ခေါင်းကိုက်လာသဖြင့် နားထင်ကိုလက်ညိုးနှင့်ဖိကာ ချေလိုက်၏။ သူဟာ ဘာတွေလုပ်ခဲ့မိသည်လဲ။ ခွန်သ ကိုရှာဖွေနေစဥ်အချိန်လေးအတွင်းမှာပဲ ရှင်းသ နဲ့ဘာကြောင့်များ နက်နက်နဲနဲပက်သက်မိခဲ့သည်လဲ။ အဖြေကိုရှာမရ။ အကယ်၍များ ခွန်သ ကို​ ယခုလိုမြန်မြန်ဆန်ဆန်ရှာတွေ့မည်ဆိုတာ ကြိုပြီးသိရှိထားမည်ဆိုလျှင် ရှင်းသအပေါ် တတ်နိုင်သမျှ စောင့်ထိန်းမိခဲ့မည်ထင်သည်။

ခြံရံဟာ အနမ်း၏ အငွေ့အသက်တချို့ကျန်ရစ်နေသေးသော နှုတ်ခမ်းသားကို လက်မဖြင့်ပွတ်လိုက်ရင်း ရှင်းသကို ငေးစိုက်ကြည့်လိုက်သည်။

မိုးစက်တွေတဖွဲဖွဲရွာနေသောနေရာမှာ ထိုသူဟာ အရုပ်တစ်ရုပ်လိုရပ်နေသည်။ သွေးရောင်မရှိသလို ဖျော့တော့သော ခန္ဓာကိုယ်နှင့် ထိုသူဟာ ဘာကြောင့်များ ဒီလောက်ထိ စိတ်ဓာတ်ရော ခေါင်းကျောပါ မာလွန်းရသည်လဲ။ ဒီလူဟာ ခက်လွန်းသည်။ ခက်လွန်း၍ သူဟာ ဒီလူ့ကိုပဲတစ်ချိန်လုံး အရိပ်တကြည့်ကြည့် ကြည့်ရသည်။ ခက်လွန်း၍ သူ့ရဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်လိုမျက်နှာဖုံးဟာ ဒီလူ့ရှေ့မှာဆိုဟန်မဆောင်နိုင်ဘဲ ကွာကျသွားရသည်။ ခြံရံဟာ ရှင်းသ ကိုကြည့်နေရင်း ထိုသူဟာ သူမဖြေရှင်းနိုင်သော ပဟေဋ္ဌိတစ်ခုလိုသာ ထင်မြင်မိသည်။

နောက်ပြီး ဒီလောက် မာနကြီးသောသခင်လေးရှင်းသ က သူနှင်လွှတ်တာကိုတောင် ဘာကြောင့်များ ထွက်မသွားဘဲ တွယ်ကပ်သလိုလုပ်နေလဲဆိုတာ သူတကယ်ပဲနားမလည်နိုင်တော့ပေ။

နောက် ခြံရံ အပြင်ထွက်ရန်ပြင်တော့ အစေခံတစ်ဦးက ပြေးလာကာ ထီးတစ်လက် မိုးပေးသည်။ ခြံရံဟာ အစေခံလက်ထဲက ထီးကိုဆွဲယူ၍ သူတစ်ယောက် တည်းသာ ရှင်းသရှိရာဆီကိုထွက်လာခဲ့သည်။

ညကအနည်းငယ်မှောင်လာပြီဖြစ်၍ လရောင်ပျပျနှင့် အုတ်တံတိုင်းထ​က်က ခပ်မှိန်မှိန်မီးရောင်တို့က ရှင်းသမျက်နှာပေါ်ကိုပါးပါးလှပ်လှပ် ဖြာကျနေသည်။ မိုးကလည်း ရွာနေသေးသဖြင့် ရှင်းသရဲ့ လှပသောမျက်နှာသာမက ခန္ဓာကိုယ်တစ်ခုလုံးကလည်း ရေများစိုရွှဲနေတာကိုမြင်ရသည်။ သူအမှတ်မမှားဘူးဆိုလျှင် ရှင်းသ မိုးရေထဲမှာရပ်နေတာ နှစ်နာရီလောက်တောင် ရှိတော့မည်ထင်။

Tearing Me Up (BL OC )Where stories live. Discover now