(၂) Unicode

66 13 4
                                    

      လောကမှာ ကိုယ့်ကိုကိုယ် မုန်းသည့်သူဆိုတာ ရှိပါ့မလား။ ရှိလျှင်တောင် ရှားမည်ထင်သည်။ အများကတော့ ကိုယ့်ဘဝကိုယ် မကျေနပ်လျှင်တောင် ချစ်ခင်တွယ်တာကြသည်ချည်း။ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် သနားစိတ်လေး ရှိတတ်ကြသည်။ ... ပိုင့်မှာတော့ ဤသို့မဟုတ်။ ပိုင်က ကိုယ့်ဘဝကိုယ် မုန်း၏။

"ပြန်ပြောပါအုန်း။ ပိုင့်ကို ဘယ်မှာမွေးတာ?"

"ကိုကြည်ကလည်း။ ပိုင် ဖြည်းဖြည်းချင်း ပြောနေတာကို အတွေးများနေပြန်ပြီ။ အားရုံစိုက်ပြီး နားထောင်လေ။ ပိုင့်ကို ရခိုင်ရိုးမ မြောက်ခြမ်းက ရက္ခစုန်းရွာမှာ မွေးတာပါဆို။ ပိုင်က ရခိုင်စပ်တယ်"

"သြော်၊ ဒါဆို ကိုကြည် မှန်းအုန်းမယ်။ ပိုင်က ကြာသပတေးသား မလား။ ကြာသပတေး ကြွက်ကလေးတွေက စိတ်ကောင်းရှိတယ်။ မေတ္တာထားနိုင်စွမ်းကြီးတယ်။ သည်းခံအားကောင်းတယ် ... ဟုတ်တယ်မလား။ ကြာသပတေးမလား"

"မဟုတ်ပေါင်။ တကယ်တော့ ပိုင့်နာမည်ရင်းက ကေညာဝင့်ပိုင်။ ဘာနေ့သားလဲဆိုရင် တနင်္ဂါဟူးပတေး သား"

"ဘာကြီးလည်း တနင်္ဂါဟူးပတေးသား။ တစ်ခါမှ အဲ့နေ့မျိုး မကြားဖူးဘူး"

"အင်း။ မကြားဖူးရင် ဆက်နားထောင်။ တနင်္ဂါဟူးပတေးဆိုတာ လေးရက်ပေါင်းထားတာ။ တနင်္လာကနေ ကြာသပတေးနေ့ အထိ လေးရက်။ ပြောရရင် ပိုင့်ကို မွေးတာက တစ်ရက်ထဲ ဗြွတ်ခနဲ မွေးတာမဟုတ်ဘူး။ နတ်သမီးနက္ခတ်နဲ့ မွေးတာမို့ သိပ်ဆန်းကြယ်တယ်။ မွေးရ ခက်မှခက်။ တစ်ရွာလုံးက မီးပုံတည်ပြီး ငါးညလေးရက် မီးမငြိမ်းအောင် ပူဇော်ပသဆုတောင်းခဲ့ရတာ။ အဖြစ်ကဒီလို။ ပိုင့်အမေက တနင်္ဂနွေနေ့လည်မှာ အိမ်မက်မက်တယ်။ မနက််ဖြန်မွေးမယ်ဆိုပြီးတော့တဲ့။ အိမ်မက်ကလည်း အမေ့တစ်ယောက်တည်း မက်တာမဟုတ်ဘူး။ တစ်ရွာလုံး မက်တာ။ ဝတ်ဖြူစင်ကြယ်နဲ့ နတ်ရထားစီးလာတဲ့ အဘိုးအိုက အိမ်မက်ပေးသွားတာတဲ့။ အဲ့တော့ တနင်္ဂနွေ ညကတည်းက မီးပုံစတည်ရော။ မီးတွင်းအဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရော။ တနင်္လာနေ့ကျတော့ မနက်ကတည်းက ဗိုက်ကို ရစ်နေအောင် နာတာတဲ့။ မခံမရပ်နိုင်အောင် အော်ရတာတဲ့။ ရွာကလည်း တောနက်ကြီးထဲမှာဆိုတော့ အမေ့အော်သံက ကျားဟိန်းနေသလိုပဲတဲ့။ အဲ့လို တစ်နေကုန် နာကျင်အော်ဟစ်ရပြီး ညနေကျတော့ မွေးပါရော ... ချီးသုံးတုံံး ... ကလေးတော့ မဟုတ်ဘူး။ အဲ့သုံးတုံးထွက်တော့မှ အမေလည်း ဝမ်းပေါ့သွားတယ်တဲ့။ ပြီးတော့ တမှေးအိပ်ပျော်သွားကရော ..."

ပုံပြောသူWhere stories live. Discover now