ထိုင်းနိုင်ငံ၊ ပတ်တရားမြို့၊ လျှောက်လမ်းရှည်ကြီး၌ ဖြစ်၏။
ည ၁၁နာရီကျော်ပြီ။ ညဥ့်နက်လာလေ မြိုင်ဆိုင်သော တီးလုံးနှင့် နီယွန်မီးများက လမ်းတလျှောက် မြူးကြွအောင် စွဲဆောင်နေဟန်ရှိသည်။ ဤလမ်းတလျှောက်မှာ Red Light District ဟု နာမည်ကျော်ပြီးသားဖြစ်၍ နိုင်ငံခြားသားများနှင့် ဒေသခံများမှာ တိုးတိုးကြိတ်။ လိုချင်သော ဆန္ဒမှန်သမျှ ဖြည့်ဆည်းပေးနိုင်သော နေရာဖြစ်သဖြင့် လေထုကား တက်ကြွမှုနှင့် မိုက်မဲမှုတို့ စိုးမိုးလျက်။ မှောင်လေ မိုက်ချင်လေနှင့် အာသာပြေချင်သမျှ ဖြည့်ဆည်းပေးနိုင်သော နေရာတစ်ခုပင်။
လူပျိုအရွယ်ကောင်လေးတစ်ယောက်မှာမူ တိုက်ခန်းပြတင်းဝ၌ လက်တစ်ဖက်ထုတ်၍ စီးကရက်ကို ဟန်ပါပါသောက်လျက်။ တအုံအုံတကြွကြွဖြစ်နေသော လမ်းပေါ်က လူများကို ကြည့်လျက်နှင့် သနားသောအပြုံးတစ်ခုကို ပြုံးလိုက်မိသည်။ မည်သူ့ကို သနားချင်မှန်းတော့မသိ။ အားလုံးကိုသာ သနားချင်သလိုလို။ ထို့နောက် စီးကရက်ကို ပြာချွေချလျက်က အခန်းတွင်းသို့ ခေါင်းလှည့်လိုက်ကာ ...
"ကိုကြည်၊ ဘီယာ မှာပေးရအုန်းမလား။ ပိုင် မှာရင် ရေမရောစေရဘူး၊ စိတ်ချ"
"တော်ပြီ။ ပိုင် သောက်ချင်ရင်တော့ သောက်ပေါ့။ ကိုကြည် တိုက်ပါ့မယ်"
"အဖော်မရှိရင် မသောက်ချင်ပေါင်။ မူးရမှာ ပျင်းစရာ"
"ဟောဗျာ။ သဘောရှိပါ့ ပိုင်ရယ်၊ အားမနာပါနဲ့။ ဒီည စိတ်ကြိုက်နားပါ။ ကိုကြည့်ကို တစ်ညလုံး ပေးမယ်ဟုတ်?"
"အို၊ ပိုက်ဆံလက်ခံပြီးသားပဲ။ ပိုင်က Customer အပေါ် တာဝန်ကျေပါတယ်။ အိပ်တုန်း ထွက်မပြေးတတ်ပါဘူး"
"သိပါတယ်ဗျာ။ စတာပါ။ ကယ်၊ အနားလာပါအုန်း။ ဖက်ထားချင်လို့"
ပိုင်မှာ စီးကရက်ကို တစ်ဝက်တပြတ်နှင့် လမ်းဘက်လွှင့်ပစ်လိုက်ပြီး ပြတင်းတံခါးကို လှစ်ခနဲ ပိတ်လိုက်၏။ လမ်းပေါ်လျှောက်နေသူ တစ်ယောက်ယောက်သာ သူ့စီးကရက်မီးနှင့် ထိပါက ပိုင့်တာဝန်မဟုတ်ပါ။ ပိုင် သောက်ပြီး ပစ်ခဲ့တာမှန်းလည်း မည်သူသိမှာမို့။ ပိုင်က ဤကဲ့သို့ ခပ်ဆိုးဆိုး။
YOU ARE READING
ပုံပြောသူ
General Fiction"ပိုင် ကတော့ အဖြစ်ဆိုးမှန်သမျှ မေ့ပစ်လိုက်ပြီး စိတ်ကူးလှလှတွေနဲ့ ငယ်ဘဝကို အစားထိုးနေတာပဲ။ ပိုင် စိတ်ကူး ယဉ်ရတာကိုကြိုက်တယ်။ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာပဲ။ စိတ်ကူးထဲ ပျော်မွေ့နေနိုင်တာကိုက ပိုင့်ဘဝရဲ့ အနှစ်သာရပဲလို့ ယုံကြည်တယ်။ ဘာလို့ဆို ပိုင် စိတ်ကူးယဉ...