(၆) Unicode

48 9 0
                                    

    ဒီကနေ့သည် နောက်ဆုံးနေ့။ ပိုင်နှင့် တွေ့ရမည့် နောက်ဆုံးနေ့။

ကိုကြည်မှာ ဘန်ကောက်မှ ပတ်တရားသို့ ပြေးဆွဲသော ခရီးသည်တင် ဘတ်စ်ကားတစ်ခုတွင် စီးနင်းရင်း အတွေးများစွာ မျောပါခဲ့သည်။ ပိုင့်ဆီသွားသော လမ်းတလျှောက်မှာ တစ်နှစ်တာမျှ အပတ်စဉ် သွားလာလူးပြန်နေကျဖြစ်၍ မြင်ကွင်းအားလုံးသည် ကိုယ့်အိမ်ပြန်ရတဲ့ လမ်းတစ်ခုလို ရင်းနှီးကျွမ်းဝင်လျက်ရှိ၏။ သို့သော် ဒီတစ်ခေါက်သည်ကား နောက်ဆုံးတစ်ခေါက်ဖြစ်၍ ကိုကြည့်စိတ်ထဲ လေးဖင့်နေသည်။ နှမျောနေမိသည်။ နောက်တစ်ပတ်ထဲ ပြန်ရမည့် ကိုယ့်အဖြစ်ကိုပဲ​ အပြစ်တင်ချင်နေမိသည်။

မြန်မာပြည်ပြန်မည့် လေယာဉ်လက်မှတ်ကလည်း စီစဉ်ပြီးသား။ ပြန်ပြီး လုပ်စရာတွေကလည်း အများအပြား။ ကိုယ့်အပေါ်မှီခိုနေရသူတွေ၊ ကိုယ်လုပ်မှ ဖြစ်မည့်အရာတွေ၊ ကိုယ့်တာဝန်တွေက အပုံအပင်။ ကိုယ့်ကို စောင့်လျက်နေကြသည်။ ဘွဲ့လွန်အတန်းကလည်း ဒီကနေ့ပဲ ပြီးသည်ဆိုတော့ တရားဝင် လုပ်စရာအားလုံးက ကုန်ပြီ။ ပြန်ဖို့သာ ကျန်တော့၏။ အကယ်၍ ဒီရေ ဒီမြေတွင် လုပ်စရာဘာတစ်ခုကျန်သေးသလဲဟု မေးလျှင်တော့ ပိုင့်ကို နှုတ်ဆတ်ဖို့ အမှုကိစ္စသာ ကျန်တော့သည်ဟု ဆိုရမည်။

ထို့ကြောင့် ကိုကြည်မှာ ဝမ်းနည်းလျက်နေ၏။ တွေးတောစီးမျောရင်းနေ၏။ လမ်းတလျှောက် ရှုမျော်ခင်းများ တရိပ်ရိပ်ပြေးလွှားနေမှုသည် အတိတ်မှ ပုံရိပ်များစွာကို နှိုးဆော်လျက်ရှိရာမှ ကိုကြည်သည်လည်း ငယ်ငယ်က အကြောင်းတွေကို သတိရစဉ်းစားနေမိတော့သည်။ အများဆုံးကတော့ ကိုကြည်ဆိုသူနှင့် ကောင်းကင်ပိုင်ဆိုသည့် ပိုင့်အကြောင်းပေါ့ ...

***

ကျွန်တော့် နာမည်က ကြည်မျိုးသွင်။ မှတ်မိစကတည်းက ကြည်မျိုးသွင်ပါပဲ။ ညီပိုင် ပြောခဲ့သလို "မဟာသီရိသုန္ဒရရှင်ကြည်နုနုထွေး" မဟုတ်ရပါဘူး။ ပြောရရင် ကျွန်တော်ဟာ မိဘမဲ့တစ်ယောက်။ ဆရာမကြီးပြောတာတော့ ကျွန်တော့်ကို အိန္ဒိယ-ချင်း နယ်စပ်ဘက်က ကောက်ရတယ် ပြောတာပဲ။ မိဘတွေက အိန္ဒိယဘက်ကလား မြန်မာဘက်ကလားတော့ ကျွန်တော်လည်း မသိပါဘူး။ သေချာတာပြောရရင်တော့ ကျွန်တော့်အသားဟာ သပိတ်ညိုရောင်မျိုး အုပ်မှောင်နေတာပဲ။ ဒီတစ်ခုတော့ ထင်ရှားတယ်လေ။

ပုံပြောသူWhere stories live. Discover now