(၄) Unicode

36 9 0
                                    

     ကိုကြည်က နားထောင်ချင်သေးသဖြင့်သာ ပြောရသည်။ မနက် ၃နာရီထိုးပြီ။ ပိုင်ကတော့ သက်တောင့်သက်သာ အနှိပ်ခံ၊ အပွတ်နယ်ခံရင်း ပြောရရုံ။ မသကာ ပါးစပ်ညောင်းရုံမျှ။ ကိုကြည့်လောက် မပင်ပန်း။ ကိုကြည့်ခမျာမှာတော့ နှိပ်အားတွေ လျော့လာလျက်၊ အားကပျော့ချင်ပြီ။ ခါးက ကော့ချင်ပြီ။ သူလည်း နှိပ်လွန်း၍ ညောင်းလှရောပေါ့။ စာနာပါသည်။ သို့နှင့် ကိုကြည့်ကို ဆက်မနှိပ်စေတော့ပဲ ပိုင့်ဘေး၌သာ လှဲအိပ်စေလိုက်သည်။

ဒီတော့မှ ကိုကြည်မှာ အမောပြေသွားသလို လက်ခုံဖြင့် နှဖူးမှချွေးများသုတ်၏။ ထို့နောက် ပိုင့်လည်တိုင်အောက် လက်လျိုဝင်လာကာ ခေါင်းအုံးတစ်ခုပေါ်၌ အတူတူမှေးကြတော့သည်။ ကိုကြည်ကတော့ ပိုင့်မျက်နှာလေး ရှုစိမ့်လျက်ပေါ့။ ပိုင့်မှာလည်း မျက်နှာကျက်မှ LED မီးလုံးများကိုကြည့်ရင်း မိမိပြောနေသည်မှာ ပုံပြင်လော ပြဇာတ်လောဟု မေးခွန်းတွေ စီတန်းနေမိသည်။ ကိုယ် က,ခဲ့တဲ့ဇာတ်ကို ကိုယ်တိုင်တည်းဖြတ်၍ ပြောရသည်မှာ အထားအသို ဂရုစိုက်ရ၍ နားထောင်သူ စိတ်ဝင်စားအောင်၊ စိတ်မပျက်အောင်လည်း ပြုပြင်ပြောရသေးသည်။ နားဆင်သူပရိတ်သတ်က ကိုယ့်ကျေးဇူးရှင်သဖွယ် တစ်နှစ်နီးပါး ထောက်ပံ့လာခဲ့သူကိုး ...

"ကိုကြည် ... မောနေသေးလား"

"မမောတော့ပါဘူး ... အားနာလိုက်တာ ပိုင်ရယ်။ ကိုကြည့်ကို ပိုင်နှိပ်ပေးရင်လည်း ဒီလိုပဲ မောသလား။ ပင်ပန်းသလားဟင်။ ကိုကြည်တော့ အခု သုံးနာရီဆက်လောက်နှိပ်ပစ်လိုက်တာ လက်တွေ၊ ခါးတွေ ညောင်းကိုက်နေရောပဲ ... စိတ်ညစ်လို့ ညီးတာမဟုတ်ဘူးနော်။ ပိုင့်ကို သနားသွားလို့"

"အို ... ကိုကြည်ရယ်။ ခုတော့ ဘယ်လောက်ပင်ပန်းသလဲသိပြီမို့လား။ တချို့တွေများ လွယ်လွယ်ပိုက်ဆံရှာတဲ့သူတွေဆိုပြီး ပိုင်တို့ကို ရှုတ်ချကြတယ်လေ။ ပိုင်တို့လည်း ပင်ပန်းပြီးမှ ပိုက်ဆံရတာပါ။ နှိပ်ရ၊ ပြုရ၊ ပင်ပန်းရတယ်။ Customer တွေရဲ့ ညစ်ညမ်းတဲ့ မျက်နှာ၊ စိတ်ထား၊ အမူအရာတွေတိုင်းကို ဖြည့်ဆည်းပြီးမှ မသကာရေစာ ရတာပါ။ ဒါတောင် တချို့ဆို ကိုယ်ထိလက်ရောက် အနိုင်ကျင့်ကြတာရှိသေး။ အဲ့လိုမျိုးဆို ပိုင်တို့က ဘယ်သူ့သွားတိုင်ရပါ့။ အရှက်က နှစ်ခါကွဲအုန်းမယ်။ ပြီးရင် ပိုင်တို့မှာ လူအရွေးခံရဖို့လည်း ကိုယ့်ကိုကိုယ်လှဖို့ ထိန်းသိမ်းရသေးတယ်။ ဆေးတွေ သောက်ရ၊ Gym ဆော့ရနဲ့။ ညဘက်အလုပ်လုပ်ပြီး တစ်နေကုန် နှပ်နေတယ်များ ထင်ရင်မှားအုန်းမယ်။ မနက်ခင်းတိုင်း ပိုင်တို့ Gym ဆော့ရပါတယ်ဗျာ။ ... ကယ်ကယ် ... ခုမှ သနားတဲ့မျက်လုံးတွေနဲ့ ကြည့်မနေပါနဲ့။ သိပြီမလား။ ဒါတောင် ရောဂါစုံရတဲ့ ကံဆိုးသူမောင်ရှင်တွေ ရှိသေးတယ်။ ပြောရင်းနဲ့ ပိုင်တောင် ဘယ်လောက် ကံဆိုးနေသလဲမသိ ..."

ပုံပြောသူWhere stories live. Discover now