(၃) Unicode

43 9 6
                                    

     ဟော ည၈နာရီ ထိုးတော့မည်။ ကိုကြည် လာခါနီးပြီ။ ကိုကြည်မှာ ဒီမနက်မှ Comfirm message တစ်စောင်ပို့၍ ပိုင့်ကို ရင်ခုန်အောင် လုပ်ခဲ့သည်။ ရက်စက်လေစွ။

ညနေခင်းက မိုးဖျဖျ ရွာထား၍ လမ်းမပေါ်တွင် ရေကွက်များ ဟိုဒီကြည်လို့။ စျေးဆိုင်၊ စားသောက်ဆိုင်တွေလည်း ခုံတွေ ရေသုတ်ကာ မိုးထပ်ရွာနိုးနိုးဖြင့် မှန်းဆလျက် ထီးအမိုးများ အဆင်သင့်ဆောင်ထားကြ၏။ ပိုင်လည်း လမ်း၏ ဟိုဘက်ဒီဘက်ကို ပြတင်းပေါက်မှ မျှော်ကြည့်ရင်း မောလာပြန်ကာ Air Fresher ဘူးကို အခန်းတွင်း နောက်တစ်ကြိမ်ဖြန်းလိုက်ပြန်သည်။ Lemon ရနံ့ကား သင်းရွှင်လျက်။ အခန်းထဲ ကိုယ်တစ်ယောက်တည်း။

စီးကရက်တစ်လိပ် ထပ်ကုန်သွားပြန်ပြီ။ ၉နာရီလည်းထိုးပြီ။ ကိုကြည် ပေါ်မလာ။ ဒီညတော့ မတွေ့ဖြစ်တော့ဘူးလားဟု စိုးရိမ်စပြုလာပြီ။ ကိုကြည့်ဆီလည်း ဖုန်းမဆက်ရဲ။ ဒီအလုပ် လုပ်စားသူတို့မှာ Customer ကို ခဏခဏ မတ်ဆေ့ချ်ပို့၍ ကိုယ့်ကို မေ့မသွားအောင် ဆွယ်တတ်ကြသော်လည်း ပိုင်က ဤသို့ မလုပ်တတ်။ သူ လာချင်လာ မလာချင်လည်းနေ။ ပိုင်လည်း မျှော်နိုင်သမျှသာ မျှော်မည်။ သိက္ခာနှင့် မာနကလေးကလည်း ရှိ၍ တစ်ဖက်သတ်ဆက်သွယ်ခြင်းမျိုး ပိုင် မလုပ်တတ်။ သို့နှင့် ပိုင့်မှာ ဖုန်း စခရင်လေးကြည့်လိုက် စီးကရက် တစ်လိပ်သောက်လိုက်၊ Air Fresher တစ်ဆွတ်ဖြန်းလိုက်နှင့်။ အခန်းမှာ ဆေးလိပ်မီးခိုး မွှန်အူလိုက်၊ Lemon ရနံ့ သင်းလိုက်နှင့် တစ်ပြန်ဆီဖြစ်နေသည်။ ညကတော့ အေး၍ လာခဲ့ပြီ။ မိုးကား တဖျောက်ဖျောက် ရွာပြန်၏။ ပိုင်လည်း မျှော်မနေတော့ပဲ ပြတင်းပေါက်ကို ပိတ်လိုက်တော့သည်။ မီးကိုလည်း မှိတ်လိုက်၏။ ဒီတော့မှ ...

တံခါးခေါက်သံတစ်ခုသည် ရုတ်တရတ် ကျယ်လောင်လာကာ ပိုင် ထဖွင့်ပေးစရာမလိုပဲ သူ ဝင်လာခဲ့တော့သည်။ တစ်ကိုယ်လုံး စိုရွှဲလျက် ...

"ကိုကြည် ..."

"ပိုင် ဘာလို့ မီးမှိတ်ပြီးနေသလဲ။ ကိုကြည် လမ်းမက မော့ကြည့်တော့ အခန်းမှောင်နေတာနဲ့ စိတ်ပူသွားတာပဲ ..."

"ပလစ်သွားပြီ ထင်တာကိုး။ ၁၀နာရီတောင် ထိုးတော့မယ် ..."

"ပိုင့်ကို ကိုကြည်က ပလစ်စရာလားကွာ။ ဒီညမှ သူငယ်ချင်းတွေက seminar အပြီး ဒင်နာကျွေးပါဆိုလို့ လိုက်ကျွေးရင်း နောက်ကျသွားတာ။ မိုးရွာတော့ ဘန်ကောက်မှာ ကားတွေပိတ်လိုက်တာ ပြောမနေနဲ့တော့။ ဒါတောင် စောစောထွက်ခဲ့တာပဲ ..."

ပုံပြောသူWhere stories live. Discover now