အပိုင်း ( ၀၁ )

476 32 3
                                    

ပြောင်လက်နေသည့် စန္ဒယားကိုကြည့်ပြီး ရင်ထဲအသည်းထဲကပင် စူးနင့်နာကျင်လာသည်။ ဒီလိုမှန်းသိလျှင် စန္ဒယားတီးခြင်းအတတ်ပညာကို သင်ခဲ့မှာမဟုတ်ဟု ရူးကြောင်မူးကြောင်ဖြင့် တွေးလိုက်သေး၏။ သို့သော် ကိုကိုက သူတီးခတ်သည့် သံစဥ်တွေကို ကြိုက်သည်မဟုတ်ပါလား။

အဖြူနှင့်အနက် စီခြယ်ထားသည့် ခလုတ်များပေါ် သို့ လက်တင်မိလိုက်သည်နှင့် ခံစားချက်မထိန်းနိုင်စွာ လက်များတစ်ချက် တုန်ယင်သွားသည်။ နာကျင်တာလား ခံပြင်းတာလား မဝေခွဲနိုင်အောင်ပင် ခံစားချက်တွေ ရောထွေးကုန်လေသည်။

သို့သော် အချိန်ဆွဲနေလို့မဖြစ်သေး၊ မင်္ဂလာအချိန်ဟာ နီးသည်ထက် နီးလာချေပြီ။ သူ့တာဝန်မှာ အဖွင့်မင်္ဂလာသီချင်းတစ်ပုဒ် တီးပေးရန်ဖြစ်ပြီး ထိုသံစဥ်စမှသာလျှင် သတို့သားနှင့် သတို့သမီးက ခန်းမအတွင်းသို့ ဝင်လာနိုင်မည်ဖြစ်သည်။

ဒီဧည့်ခံပွဲ့သို့မလာခင် မှန်ရှေ့တွင် အ​ကြိမ်ကြိမ်အခါခါ ကျင့်ယူခဲ့သည့် အပြုံးလှလှတစ်ခုကို ပန်ဆင်ရင်း စန္ဒယားကို ဖြည်းညင်းစွာ တီးခတ်လိုက်တော့သည်။

ခလုတ်ပေါ်သို့ သက်ရောက်သည့် လက်ဖိအားကို အရှိန်မလွန်စေရန် အတတ်နိုင်ဆုံး သတိချပ်နေရပြီး လက်ချောင်းဖျားများ တစ်ခါလှုပ်ခတ်သွားတိုင်း နှလုံးသားမှာလည်း ပြင်းထန်သည့်အနာတရမျိုး ပေါ်ပေါက်လာဟန်ရှိသည်။ သွေးမျက်ရည်ကျစေဦးတော့ ကိုကိုပျော်ရင် ကျန်တာ ဘာအရေးလဲ။ သို့သော်...။

အချိန်အားဖြင့် နာရီဝက်မျှ ကုန်ဆုံးသွားသည်ထိ ကိုကိုနှင့် မျက်နှာချင်းဆိုင်ဖို့ရန်အတွက် တွန့်ဆုတ်နေဆဲဖြစ်သည်။ သို့သော် တစ်နေရာတည်းမှာ ရှိနေသည့် လူနှစ်ဦးအဖို့ မည်သည့်အချိန်ထိ အဘယ်မှာရှောင်လွှဲလို့ရမည်နည်း။

တွေးလို့ပင်မဆုံးသေး ကိုကိုနှင့် မမခက်က သူ့ဆီသို့ ဦးတည်လျှောက်လှမ်းလာချေပြီ။ ရူးရူးနှမ်းနှမ်း စိတ်ကူးယဥ်ဖူးသည့် မင်္ဂလာဆောင်အတုအယောင်များထက်၌ ပြုံးပန်းဝေနေသည့် ကိုကိုထက် ယခုမြင်တွေ့နေရသည့် ကိုကိုက ပိုပြီးကြည့်ကောင်းနေသလိုပင်။ လက်တွေ့နှင့် အတုအယောင်ဆိုတာ ဒီလိုပဲကွာခြားလိမ့်မည်ထင်ပါသည်လေ။

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now