အပိုင်း( ၁၁ )

17 0 0
                                    

သျှိုင်းဘုန်းလျှံသည် သူ့ကိုယ်သူ မြူတွေကြားထဲ မျောလွင့်နေသလို ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် တွေးလိုက်၊ ငေးလိုက်၊ ဆွေးလိုက်ဖြင့် သောက်လာခဲ့သည့် ဆေးလိပ်တွေဟာ ဘူးတစ်ဝက်နီးပါး ကုန်လွန်ခဲ့ပြီး ဖွာရှိုက်ကာ တစ်ဖန်ပြန်လည် မှုတ်ထုတ်လိုက်သော မီးခိုးရောင် အငွေ့တွေသည် ထွက်ပေါက်မရှိဘဲ သူ့အနားတွင် တဝဲလည်လည် ရစ်ဝဲနေသောကြောင့်ပင်။

တစ်ယောက်တည်း အထီးကျန်နေသည့် သျှိုင်းဘုန်းလျှံဟာ သူ၏ဘေးတွင် တိတ်တဆိတ်အဖော်ပြုပေးနေသော ဆေးလိပ်ငွေ့များထံသို့ လက်တစ်ဖက်ဆန့်တန်းလိုက်ပြီး လေပေါ်၌ ရစ်သီရစ်သီဖြစ်နေသော ထိုအငွေ့များကို လက်ဖြန့်ချည်တစ်လှည့် ဆုပ်ချည်တစ်လှည့်ဖြင့် အမိအရလိုက်လံဖမ်းဆုပ်နေခဲ့၏။

ထို့ပြင် မြင်ရုံသာမြင်နိုင်ပြီး လက်ဆုပ်လက်ကိုင် ဖမ်းဆုပ်၍ မရနိုင်သော ထိုအငွေ့များကို သူငယ်ချင်းအရင်း၊ မိတ်ဆွေရင်းချာဟု သဘောထားကာ ရင်တွင်းမှ ဖြစ်တည်လာသည့် စကားများကို ဖောင်ဖွဲ့ပြောဆိုမိပြန်သည်။

"ဘာလို့များ ဒီလောက်တောင် ခဲယဉ်းနေရတာလဲကွာ.."

သျှိုင်းဘုန်းလျှံက သူ၏စိတ်ထဲတွင် ပေါ်လာသမျှ အရာအားလုံးကို စကားလုံးများအဖြစ် ပုံဖော်ကာ နောက်ဆုံးအနေဖြင့် ကရားရေလွှတ်ပြောနေမိပြီး ထိုစကားများထဲ၌ ရေရေရာရာ အကြောင်းကိစ္စများ ပါဝင်သလို မရေမရာသော အကြောင်းအရာတချို့လည်း ပါဝင်ပေသည်။

သို့သော် သူသည် စကားပြောရာတွင် အရှေ့အနောက်ကြည့်ခြင်း လုံးဝမရှိ။ စကားကျွံလည်း နှုတ်စရာမလိုခြင်းကြောင့် စိတ်ထဲရှိရှိသမျှကို အပွင့်လင်းဆုံးပြောနေပြီး ထင်တိုင်းကြဲနေမိ၏။

မည်သို့ပင်ဆိုစေကာမူ သက်ရှိမဟုတ်၊ အစိုင်အခဲလည်း မဟုတ်သည့် အငွေ့သာသာ သူငယ်ချင်းလေးတွေက သူနှင့် လွန်စွာမှ သဟဇာတဖြစ်လွန်းသည်။ ပြတင်းများ ဖွင့်လိုက်သည်နှင့် အလိုလိုလွင့်ထွက်သွားတော့မည့် သူငယ်ချင်းလေးတွေ၊ ​အနှေးနဲ့အမြန် လွင့်ပြယ်သွားမည့် အငွေ့တွေနှင့်အတူ သူ၏စကားတွေလည်း အလိုတူအလိုပါ ရောနှောပျောက်ကွယ်သွားလိမ့်မည်။

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now