အပိုင်း ( ၀၂ )

145 20 1
                                    

ဒီနေ့ဟာ သျှိုင်းဘုန်းလျှံအတွက် ဂြိုဟ်ဆိုးဝင်သည့်နေ့​ဖြစ်မည်။ လမ်းလျှောက်လျှင် ခလုတ်တိုက်သည်။ ရေသောက်လျှင် ရေသီးသည်။ ကော်ဖီသောက်လျှင် ကော်ဖီမှောက်ကျသည်။ ဘာမှမလုပ်၊ ဘယ်မှမသွားဘဲ ထိုင်နေပြန်တော့လည်း နေရင်းထိုင်ရင်း လျှာကိုက်မိပြန်သည်။

ယခုလည်း ရောင်းရန်မဟုတ်ဟု ရေးထားသော ပန်းချီကားကို အတင်းအဓမ္မဝယ်ယူချင်နေသည့် လူတစ်ယောက်ကြောင့် ခေါင်း​ခြောက်ရလေပြီ။

ပြခန်းတာဝန်ခံက ဤသို့ဆိုလာသည်။

"ကိုသျှိုင်းရေ ပြဿနာတော့ အကြီးကြီးတက်ပြီ၊ ကျွန်တော့်တစ်သက်မှာ ဒီလောက်ပြောရဆိုရ လက်ပေါက်ကတ်တဲ့လူကို တစ်ခါမှမမြင်ဖူးဘူး၊ ကျွန်တော်တို့ ပြခန်းလေးတော့ ပြာဖြစ်တော့မယ်ထင်တယ်၊ မြန်မြန်လာကယ်ပါဦးဗျာ.."

ဆိုပြီး ငိုသံပါကြီးနှင့် ဖုန်းဆက်လာသည်ကြောင့် သူ့မှာ စားနေသည့် ဟမ်ဘာကာတောင် မြိုမချနိုင်တော့ဘဲ အမြန်ပြေးလာရခြင်းဖြစ်သည်။

တစ်ခဏလေး ထွက်သွားသည်နှင့် ပြဿနာကတက်ချေပြီ။ ဒီနေ့ဟာ ကံကိုမကောင်းတာပါလေ။

"Not For Saleလို့ ရေးထားတာမြင်သားပဲ၊ ပေါက်စျေးထက် နှစ်ဆပိုပေးမယ်လေ၊ ဒါဆိုရောင်းမယ်မလား"

လူတစ်ယောက်၏ စိတ်နေစိတ်ထားကို ကိုယ်ပိုင်အမြင်ဖြင့် မဆုံးဖြတ်ချင်သော်ငြား ဤကောင်လေး စကားပြောပုံမှာ အတော်လေး အထက်စီးဆန်သည်။

"သုံးဆဟုတ်ပြီလား၊ သုံးဆ"

ငွေဂုဏ်မောက်နေသည့် ထိုကောင်လေးက သူ့သဘောနှင့်သူ ပန်းချီကားချပ်၏ တန်ဖိုးကို တစ်စတစ်စတိုး၍ ပေးနေချေသည်။ မိမိမှာ ဆွံ့အလွန်းလို့ ဘာမှမပြောဘဲ ငြိမ်နေမိခြင်းကို ပိုက်ဆံပိုလိုချင်သည်ဟု ထင်သွားသလားပင် မပြောတတ်။ တလွဲဆံပင်ကောင်းနေသည့်အဖြစ်ပါလေ။

"ငါးဆပေးမယ်လေ..ကဲပါ ရောင်းလိုက်တော့"

ပြောနေသည့် မျက်နှာဘေးက စိတ်ရှိလက်ရှိ ဆွဲထိုးပစ်ချင်စရာပင်။ ကရုဏာမထောက်စွာ ပြန်လည်ချေပချင်သော်ငြား စီးပွားရေးနှင့် ကိုယ်ပိုင်စိတ်ခံစားမှုဆိုတာ တသီးတသန့်ခွဲခြားထားသင့်သည့်အရာပေမို့ စိတ်ပြန်ထိန်းလိုက်ရသည်။

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now