အပိုင်း( ၀၅ )

19 2 0
                                    

သျှိုင်းသျှိုင်းလေးက အသက်အားဖြင့် ငယ်ရွယ်သော်လည်း ဉာဏ်ရည်ထက်မြက်ပြီး အတွေးအခေါ်မြင့်မားလေသည်။ ကြင်နာတတ်တဲ့ စိတ်မျိုးရှိသည့်အလျောက် တခြားလူဆီက တစ်ခုခုယူပြီးလျှင် ကိုယ့်ဘက်က နှစ်ဆလောက် ပြန်ပေးချင်သည့် စိတ်ကူးလေးလည်း ရှိနေပြန်သည်။

ဤအရာမှာ သိတတ်စအရွယ်ကတည်းက ပြုလုပ်လေ့ရှိသည့် အကျင့်တစ်ခုဖြစ်ပြီး ထိုသို့ ချစ်စရာကောင်းသည့် စိတ်ကူးစိတ်သန်းလေးကို အကောင်အထည်ဖော်ရန်အတွက် ကိုကို့၏ ပုံဆွဲစာအုပ်ကိုယူပြီး အားကြိုးမာန်တက်ဖြင့် ပုံစတင်ဆွဲတော့သည်။

သျှိုင်းပေါက်စမှာ အရွယ်နှင့်မလိုက်အောင် ဝီရိယရှိပြီး စိတ်အားထက်သန်လွန်းသော်လည်း ပုံတစ်ပုံရဖို့အရေး အချိန်အားဖြင့် အတော်လေးပေးလိုက်ရသည်။

အတွေးထဲမှာ ပုံဆယ်ပုံလောက် ပြီးသွားသော်ငြား တကယ်တမ်း ချဆွဲကြည့်သည့်အခါမှာ စာအုပ်ကို ဖင်လှည့်ခေါင်းလှည့်နှင့် ကပေါက်တိကပေါက်ချာဖြစ်နေလေသည်။

အပြစ်အနာအဆာကင်းပြီး စင်းလုံးချောသန့်ရှင်းနေသည့် ပုံတစ်ပုံရရန် သျှိုင်းသျှိုင်းအတွက်တော့ မလွယ်ကူပါချေ။ ဆွဲထားသည့် သူ့လက်ရာမှာ ခဲဖျက်ရာဗရပွဖြင့် ညစ်ထည်းနေသော်လည်း စိတ်ပျက်ခြင်းတော့ မရှိပါလေ။

"ကိုကိုရေ..သျှိုင်းသျှိုင်း ဘာပုံဆွဲထားလဲသိလား"

ထိုသို့ပြောပြီး ဆွဲထားသည့်ပုံကို ကိုကိုမြင်မည်ဆိုး၍ လက်နှစ်ဖက်နှင့် လျင်မြန်စွာ ဖုံးအုပ်လိုက်သည်။ ကိုကိုက မေးစေ့ကို လက်ညှိုးဖြင့် တို့ထိတို့ထိလုပ်ပြီး ခက်ခက်ခဲခဲစဉ်းစားဟန်ပြုကာ အတန်ကြာမှ အဖြေပေးလာသည်။

"ဖြူဖြူဖွေးဖွေး ယုန်ပေါက်လေးလား"

သျှိုင်းသျှိုင်း၏ စိတ်ကူးထဲမှာ ဆွဲထားသည့်ပုံက အမှန်တကယ်ပင် ဖြူဖွေးသန့်ပြန့်နေသည့် ယုန်ပေါက်လေး ဖြစ်ပေတော့သည်။ လက်ရှိမှာ ရုပ်ထွက်မလှလို့ စုတ်ချွန်းချွန်းယုန်လေးဖြစ်နေပေမဲ့ ကိုကို့အဖြေက သူ့အတွင်းစိတ်နဲ့ ကွက်တိပင်။

"ဝါး ကိုကိုက တော်လိုက်တာ၊ တော်လွန်းလို့ ယုန်ပုံလေး လက်ဆောင်ပေးမယ်၊ ဒါက ကိုကို့အပိုင်"

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now