အပိုင်း( ၁၂ )

13 0 0
                                    

"ခြံစောင့်က အိမ်ထဲဘာဝင်လုပ်ပြန်တာလဲ"

တစ်ခုခုသိချင်သည်ဖြစ်စေ၊ ပြောချင်သည်ဖြစ်စေ တုံ့ဆိုင်းနေလေ့မရှိသော သျှိုင်းဘုန်းလျှံက မနေ့ညကတည်းက မေးချင်နေသည့် ထိုစကားကို မနက်စာဝိုင်းတွင် မဆီမဆိုင်ဘဲ ထမေးမိခြင်းဖြစ်လေသည်။

သူ၏ ခပ်ပြတ်ပြတ်အမေးစကားကြောင့် လိုအပ်လျှင် အသင့်ခေါ်ခိုင်းနိုင်ရန်အတွက် ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေးမတ်တတ်ရပ်နေသော ခြံစောင့်က အန်တီ့ကို အားကိုးသည့်အကြည့်ဖြင့် လှမ်းကြည့်ပြီး မျက်နှာငယ်လေးနှင့် နေနေ၏။

ထိုအခါ အန်တီက သောက်လက်စ ကော်ဖီခွက်ကို ကြွေပန်းကန်ပြားပေါ်သို့ တင်လိုက်ပြီး ချောင်းအသာဟန့်ကာ 'ဘုန်းလျှံလေး မသိသေးဘူးလား'ဟု ဆိုသည်။

သျှိုင်းဘုန်းလျှံသည် ခေါင်းတစ်ချက်ခါကာ သူမသိကြောင်းကို အပွင့်လင်းဆုံးနည်းဖြင့်သာ ထုတ်ဖော်လိုက်၏။ ထို့နောက် အန်တီဆက်ပြောလာမည့် စကားများကို မုန့်ဟင်းခါးခပ်စားရင်းဖြင့် စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေလိုက်သည်။

"ပြောရရင် ဒီကလေးကို ခြံစောင့်တာဝန်အတွက် ခေါ်ထားတာမဟုတ်ဘူး၊ ပြီးတော့ ဒီအိမ်မှာက ခဏပဲနေရမှာဆိုတော့ ဟိုဟိုဒီဒီလောက်ပဲ ဝိုင်းကူပြီး နေခိုင်းထားတာ"

"သြော် ဒါကြောင့် မည်မည်ရရမရှိတာကိုး.."

"ဒီတစ်ခေါက်ပြန်ရင် နယ်သာလန်ကို တစ်ခါတည်း ခေါ်သွားရမယ်တဲ့၊ သမီးကြီး စီမံတာပဲ"

'မမခက်တို့ စံအိမ်အတွက် အလုပ်သမားအသစ်လား'ဟု မေးရန်ပြင်လိုက်ချိန်တွင် အန်တီဆက်ပြောလာသည့် စကားများကြောင့် သူ့မှာ ဆွံ့အ,သွားပြီး နောက်ပြောင်နေသည်အထင်နှင့် အန်တီ့အား စွေကြည့်လိုက်သော်လည်း အန်တီကတော့ ထမင်းစားရေသောက်သဖွယ် အေးအေးလူလူပြောနေရုံသာမက စနောက်နေပုံလည်း တစ်စက်ကလေးမှ မပေါ်ပါချေ။

အတည်ပေါက်ကြီး ဖြစ်​နေသည့်အခါ သျှိုင်းဘုန်းလျှံမှာ မုန့်ဟင်းခါးတောင် ဆက်မစားနိုင်တော့ဘဲ အန်တီနှင့် ခြံစောင့်ကို တစ်ယောက်တစ်လှည့်ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြီး 'ကျွန်တော်ခေါ်သွားရမှာလား'ဟု မေးလိုက်လေရာ အန်တီက ခေါင်းညိတ်ပြသောကြောင့် မနက်စောစောစီးစီး စိတ်ဆင်းရဲသွားရလေသည်။

မိုးပြာရောင်တိမ်ဆိုင်လေးအား ချစ်မြတ်နိုးမိခြင်းWhere stories live. Discover now