ပိုင်းလုံးမကြီး

14.4K 40 1
                                    

တစ်ယောက်နှင့် တစ်ယောက်လည်း အပြိုင်အဆိုင်ရှိကြသည်။ အားလုံးက လက်လုပ်လက်စား နွမ်းပါးသူတွေ ဖြစ်ကြပြီး တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ဖြစ်ပေမယ့် မိန်းမသားများပီပီ ကိုယ့်မာနနှင့် ကိုယ်တော့ ရှိကြသည်ပင်။

မြယမင်း မှာ မိခင်ဖြစ်သူနှင့်အတူ ညီမတစ်ယောက် မောင်တစ်ယောက်သာရှိသည်။ အဖေက သူမငယ်စဉ်ကပင် ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ သူမမိခင် ဒေါ်ရင်ရွှေက ဈေးမှာ ကုန်စိမ်းရောင်းသည်။ မြယမင်းအောက်က ညီမနှင့်မောင်ငယ်ဖြစ်သူက အမေ့ကို ကူ၍ ဈေးရောင်းသည်။ အလှည့်ကျ ချက်ပြုတ်ကြသည်။

ညီမလေးစန်းသီက မြယမင်းထက် အသက်လေးနှစ်ခန့်ငယ်ပြီး အသက် ၁၄ နှစ်ရှိပြီဖြစ်ကာ မောင်ဖြစ်သူဖိုးခွေးက ယခုမှ အသက် ၁၂ နှစ်လောက်သာ ရှိသေးသည်။ နှစ်ယောက်စလုံး ကျောင်းမနေကြတော့ဘဲ မိခင်အလုပ်ကိုသာ ဝိုင်းကူလုပ်ကာ အတော်ကလေးလည်း အားကိုးနေရပြီဖြစ်သည်။

မြယမင်း အလုပ်စောသိမ်း၍ ပြန်လာဖြစ်သည့်နေ့တွေဆိုလျှင် အမေ့ဆိုင်ကို သွားရောက်ကူသိမ်းပေးသည်။ ထမင်းဟင်း ဝိုင်းကူ၍ ချက်ပြုတ်ပေးရသည်။ ယခင်က ညီမနှင့်မောင်ဖြစ်သူ နှစ်ယောက်စလုံး အရွယ်မရောက်ခင် အချိန်ကဆိုလျှင် အစစအရာရာ မြယမင်းတစ်ယောက်သာ အပင်ပန်းခံ၍ အမေ့အလုပ်မှန်သမျှကို ကူညီလုပ်ကိုင်ပေးရသည်ချည်း ဖြစ်သည်။ ယခုတော့ ရပ်ကွက်ထဲမှ အမေ့အသိ မိန်းမကြီးတစ်ယောက် အကူအညီနှင့် သူမလည်း ဆေးလိပ်ခုံမှာ အလုပ်ရနေပြီဖြစ်ရာ တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိနေပြီဟု ဆိုရပေမည်။

မြယမင်း အခုတစ်လောမှာ အလုပ်ရှင်နှင့် သိပ်အဆင်မပြေ၍ အခြားအလုပ်တစ်ခု ရှာနေကြောင်းကို အမေ့ကို ကြိုတင် ပြောပြထားသည်။ အမေ ဒေါ်ရင်ရွှေက အမှန်တကယ်အားဖြင့် ဘာတစ်ခုမှ သေချာရေရာ သိသူမဟုတ်ပေ။ သမီးပြောတာကိုသာယုံပြီး ကျန်တာ ဘယ်သူတွေ ဘာပြောပြော အလေးအနက် ထားတတ်သူလည်း မဟုတ်ပါချေ။ သမီးကောင်းမယ် ထင်သလိုသာလုပ်ပါ ဟူ၍သာ ပြောနိုင်ရှာသည်။

မြယမင်းက ပိုက်ဆံ ပေါပေါများများ ကိုင်ချင်သည်။ လက်ဖျား ငွေသီးချင်သည်။ ငွေမရှိသည့်ဘဝမှာ အနှိမ်ခံလာရတာ ကြာပြီဖြစ်၍ ဖြစ်နိုင်မည်ဆိုလျှင် ဒီဘဝကြီးကနေ တစ်ခါတည်း အလွတ်ရုန်း ပစ်လိုက်ချင်သူလည်း ဖြစ်လေသည်။ ဒီမှာပင် သူမဘဝတစ်ဆစ်ချိုးကို ပြောင်းလဲပေးနိုင်မည့်သူတစ်ယောက်နှင့် တွေ့ဆုံမိခဲ့ကြခြင်းဖြစ်သည်။

အပြာစာWhere stories live. Discover now