Chapter 1473

237 27 0
                                    

စာစဉ် 99 Chapter 1473 မင်းမီးတုတ်ကြီး ဖယ်ထားစမ်းပါ

ဤသည်ကိုမြင်သော် အင်မော်တယ် တျောင်မြောင် ထိတ်လန့်သွားပြီး မျက်နှာ ပြာနှမ်းလာကာ ယဲ့ဖန်က ကြမ်းကြုတ်သော အကြည့်တို့ဖြင့် စူးစိုက်ကြည့်လေသည်။
"အောက်မှာ ဘာဖြစ်မလဲ သိလို့ ငါတို့ကို တမင်သက်သက် ထိခိုက်အောင် လုပ်တာလား"
"ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ"
ယဲ့ဖန်၏ မျက်နှာတွင် အထင်သေးရိပ်တို့ဖြင့် ပြည့်နှက်နေပြီး သူ့မျက်လုံး အရောင်က အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများကို အလွန်အမင်း မပျော်မရွှင် ဖြစ်စေသည်။
ထိုစကားကို ကြားသော် နတ်ဆိုးနဂါး ဖုရှန်၊ လင်းဝူယာနှင့် အခြားသူများ သွေးအန်လုမတတ် ရယ်ချင်သွားသည်။ အင်မော်တယ် တျောင်မြောင်နှင့် အခြားသူများ၏ ဆိုးရွားသော အခြေအနေကို မြင်ပြီး အောက်၌ မေ့မရနိုင်သော အတွေ့အကြုံတစ်ခုကို ခံစားခဲ့ရကြောင်း သူတို့ ရိပ်မိလိုက်သည်။
"မျိုးမစစ်ကောင် သေပေတော့၊ မင်း သေရမယ်ကွ"
အင်မော်တယ် တျောင်မြောင်က ကြုံးဝါးလိုက်ပြီး ဖျတ်ခနဲ လှုပ်ရှားကာ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။ ထို့နောက် သူ့လက်ထဲမှ ကျောက်စိမ်း အရိုးတုတ်ဖြင့် ယဲ့ဖန်ကို အားကုန် ရိုက်ချလေသည်။
အင်မော်တယ် တျောင်မြောင်သည် ရူးသွပ်နေပြီး လက်ရှိတွင် သူ အစောပိုင်းက ခံစားခဲ့ရသမျှအတွက် လက်စားချေရန် ယဲ့ဖန်၏ ဦးခေါင်းအား ပေါက်ကွဲအောင် လုပ်ချင်နေ၏။
"ကျုပ် သေသင့်တယ်ဆိုပေမယ့် မေးစရာရှိတာက ခင်ဗျားက ကျုပ်ကို သေအောင် လုပ်နိုင်လို့လား"
သို့သော် ယဲ့ဖန်၏ မျက်နှာတွင် ကျောချမ်းဖွယ်ကောင်းသော အပြုံးတစ်ခု တွဲလဲခိုနေပြီး တင်းမာခက်ထန်သော မျက်နှာထားနှင့် လက်သီးဖြင့် ပြန်လည် တိုက်ခိုက်လာ၏။
*ဘာ*
ထိုစကားကိုကြားပြီး ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့်လူအပြင် အခြားသူများအားလုံး ကိုယ့်လျှာကိုယ် ကိုက်မိလုနီးပါး ဖြစ်သွားပြီး ဓာတ်လိုက်သကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ယဲ့ဖန်က အင်မော်တယ် တျောင်မြောင်ကို ထိုသို့သောလေသံဖြင့် ပြောရဲလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ထို့အပြင် သူက ရယ်နေလိုက်သေးသည်။ ထိုရယ်သံက ပေါ့ပါး၍ ထီမထင်ဟန် ပေါ်လှသည်။
*ရူးနေပြီ*
*ဒီကောင် တကယ် ရူးနေပြီ*
လက်ရှိတွင် ပတ်ဝန်းကျင် အခြေအနေက အေးစက်နေပြီး ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့်လူအပြင် အခြားသူများက ယဲ့ဖန်ကို ကမ္ဘာ့အတုံးဆုံး အရူးသဖွယ် သို့မဟုတ် သတ္တိအရှိဆုံး လူဖျင်းသဖွယ် ကြည့်နေကြသည်။
ထိုစကားကို အင်မော်တယ် တျောင်မြောင် ကြားသောအခါ ပထမတွင် အံ့ဩသွားသည်။ ပြီးနောက် သူ၏ မျက်နှာက ပို၍ ကြောက်စရာကောင်းလာသည်။ ယဲ့ဖန်၏ ရူးမိုက်မှုကြောင့် သူသည်လည်း အလန့်တကြား ဖြစ်သွားရသည်။
ယဲ့ဖန် ကြောက်လန့်သွားပြီး ချက်ချင်း ဒူးထောက်ကာ ခွင့်လွှတ်ပေးပါရန် တောင်းပန်လိမ့်မည်ဟု သူ ထင်ထား မိခဲ့သည်။ သို့သော် ယဲ့ဖန်က ယုတ္တိမရှိသော စကားကို ပြောရဲပြီး သူ့ကိုပင် ပြန်တိုက်လိမ့်မည်ဟု မမျှော်လင့် ထားမိပါ။
သို့သော် သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က ဆက်ပြောလေသည်။
"အခု ကျုပ် ခင်ဗျားကို အခွင့်အရေး နှစ်ခုပေးမယ်၊ ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်၊ ပြီးရင် ကိုယ့်ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး ကျုပ်ရှေ့က ထွက်သွား"
"မဟုတ်ရင် အသေခံလိုက်"
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့်လူအပြင် အခြားသူများအားလုံး ချက်ချင်း မျက်နှာ အမူအရာ ပြောင်းလဲ သွားပြီး လူသတ်ချင်စိတ်များ ပိုတိုးလာပြီး ယဲ့ဖန်အား မာမာထန်ထန် စိုက်ကြည့်လာ၏။
*ဒီမျိုးမစစ်လေးက ငါတို့ နတ်နန်းတော်ကို မလေးမစား လုပ်ရဲတယ်လား*
*သေချင်နေတာ*
*ဒါ သေတွင်းတူးနေတာပဲ*
"သောက်အမှိုက်ကောင် မင်းက သေခါနီးတာတောင် ခေါင်းမာရဲသေးတာလား၊ ငါ မင်းကို တစ်စစီ ခုတ်တဲ့အချိန်ကျရင် မင်း မောက်မာဦးမလား ကြည့်ရသေးတာပေါ့"
အင်မော်တယ် တျောင်မြောင် အလွန်အမင်း ခက်ထန်လာပြီး ကြောက်စရာကောင်းသော ဖိအားတစ်ခု ပျံ့လွင့်လာကာ ကျောက်စိမ်း အရိုးတုတ်က လေဟုန်ကိုခွင်း၍ အရှိန်ဖြင့် ကျရောက်လာသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။ ထည်ဝါသော ဖိအားတစ်ခုကို သူတို့ သတိထားမိပြီး အရိုးကွဲမတတ် အေးစက်သော လေ ပျံ့လွင့်လာသည်ဟု ထင်မှတ်မှားကာ အရာအားလုံး အေးစက် တောင့်တင်းသွားသည်။ လက်ရှိတွင် လူတိုင်း ကတုန်ကယင် ဖြစ်နေကြသည်။
*သန်မာတယ်*
*သန်မာလွန်းတယ်*
လူတိုင်း ကြောက်စရာကောင်းသော ဖိအားကို ခံစားမိပြီး ကျောက်စိမ်း အရိုးတုတ်မှ ထွက်ပေါ်လာသော အရှိန်အဝါက အရာအားလုံးကို ဖျက်ဆီးနိုင်သည်ဟု ခံစားမိသည်။
ဟွမ်နူတောင်မှ မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်စိတ် ပေါ်လာသည်။ ထိအုချိန်တွင် ယဲ့ဖန်က အထင်သေးစွာ ပြုံးနေသည်။
"ဘာမဟုတ်တဲ့ဟာလေးနဲ့ မင်း ဘာမှလုပ်လို့ မရပါဘူး"
သူ့လက်သီးမှ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လူသတ်လိုသော အရှိန်အဝါက ထိန်းချုပ်မရအောင် ပျံ့လွင့်နေလေသည်။
"ကြွက်လိုကောင် မင်း ငါ့ကို ထပ်ခါထပ်ခါ စော်ကားတယ်၊ မင်း သေကိုသေရမယ်ကွ"
အင်မော်တယ် တျောင်မြောင်၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး တစ်ဖက်လူက သူ့ကို ဘာမဟုတ်တဲ့ ဟာလေးကို ပြောရဲသည်တဲ့လား။ ဤသည်က အင်မော်တယ် တျောင်မြောင်ကို အလွန် ဒေါသထွက်စေပြီး အရှက်ရစေ၏။
*အရူး*
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့် အခြားသူများအားလုံး အထင်သေးစွာ လှောင်ရယ်နေကြသည်။
*သူ့လက်သီးနဲ့ အင်မော်တယ် တျောင်မြောင်ရဲ့ ကျောက်စိမ်း အရိုးတုတ်ကို ခုခံချင်နေတယ်ပေါ့၊ ဒီကောင် သေချာပေါက် သေမှာပဲ*
အင်မော်တယ် တျောင်မြောင်၏ ကျောက်စိမ်း အရိုးတုတ်သည် နှစ်ထောင်ချီ သက်တမ်းရှိသော စိတ်ဝိညာဉ် ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ တစ်ခုလုံးတွင် စိတ်ဝိညာဉ် စွမ်းအင်တို့ဖြင့် ပြည့်နေကာ ပင်လယ်ကို ဖျက်ဆီးရန်ပင် ပြဿနာ မဟုတ်ချေ။
သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားရသည်။
လက်သီးက ကျောက်စိမ်း အရိုးတုတ်ကို ထိုးမိသောအခါ ပြင်းထန်သော ဥပဒေသ စွမ်းအင် ထွက်ပေါ်လာပြီး မြေဆီလွှာ အက်ကွဲကာ ပေါက်ကွဲသွားလေသည်။
"ဘာ တားလိုက်နိုင်တာလား"
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့် အခြားသူများအားလုံး မှင်တက်သွားပြီး မျက်လုံးကိုပွတ်ကာ မယုံကြည်နိုင် ဖြစ်နေကြသည်။
*အင်မော်တယ် တျောင်မြောင်ရဲ့ ကျောက်စိမ်း အရိုးတုတ်ကို တစ်ယောက်ယောက်က တကယ်ပဲ တားလိုက် နိုင်တာလား*
"မင်းကလည်း နတ်ဘုရင်အဆင့်ပဲလား"
အင်မော်တယ် တျောင်မြောင် ချောက်ချားသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာ၏။
"အဲ့လိုဆိုရင်ရော ဘာဖြစ်လို့လဲ"
ယဲ့ဖန်သည် ယခုအထိ ရဲတင်း၍ မောက်မာနေဆဲဖြစ်ကာ အထင်သေးသော အပြုံးကို ပြုံးမြဲပြုံးနေသည်။
"မင်းက နတ်ဘုရင်အဆင့် ဖြစ်နေလည်း ဘာအရေးလဲ၊ ငါ နတ်ဘုရင်အဆင့်ကို မသတ်ဖူးတာမှ မဟုတ်ဘဲ"
အင်မော်တယ် တျောင်မြောင်က လေသံမာမာဖြင့် ကြွေးကြော်လာပြီး ကျောက်စိမ်း အရိုးတုတ်မှ အဆုံးအစမဲ့သော နတ်စွမ်းအင်များ ထွက်ပေါ်လာကာ မျက်စိကျိန်းလောက်အောင် စူးရှလာသည်။
ချက်ချင်းဆိုသလိုပင် ထိုစွမ်းအင်က ယဲ့ဖန်ကို ဖုံးအုပ်သွားသည်။ ဒေါသများ ပါဝင်နေသော အဖျက်စွမ်းအင်တစ်ခု ပျံ့လွင့်လာလေသည်။
"မဟာကျောက်စိမ်းပုထို့"
အင်မော်တယ် တျောင်မြောင်က ဒေါသတကြီး ကြုံးဝါးလိုက်သလို အဖျက်စွမ်းအင်ကလည်း ဝုန်းခနဲ မြင့်တက် လာ၏။
"မဟာကျောက်စိမ်းပုထို့နဲ့ ဒီလောက် အနီးကပ် ရင်ဆိုင်ရတာဆိုတော့ အဲ့ကောင် သေပြီပဲ"
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးက ရယ်မောသည်။ နတ်နန်းတော်မှ လူများထဲတွင် သူ၏ ခန္ဓာကိုယ်က အကြံ့ခိုင်ဆုံးပင်။ သို့သော် သူတောင်မှ ဤတိုက်ကွက်ကို သူ့ခန္ဓာကိုယ်ဖြင့် မခုခံရဲချေ။
အစောပိုင်းအခါက သူ အင်မော်တယ် တျောင်မြောင်နှင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဤတိုက်ကွက်ကြောင့် မီတာ တစ်ရာကျော် လွင့်ထွက်သွားခဲ့ရပြီး ခုတင်ပေါ်၌ လဝက်လောက် လဲခဲ့ရသည်။ ဤတိုက်ကွက်က မည်မျှ ကြောက်စရာကောင်းကြောင်း ခန့်မှန်းနိုင်ပေသည်။
တစ်လောကလုံး အလင်းရောင်များ ဖြာထွက်နေ၏။ လူတိုင်း မျက်စိကျိန်းသလို ခံစားလိုက်ရသည်။ မျက်စိကျိန်းလောက်သော အလင်းမှလွဲ၍ သူတို့ ဘာမှမမြင်ရချေ။ ထို့ကြောင့် ယဲ့ဖန်ထံ၌ ဘာဖြစ်နေသလဲ သူတို့ မမြင်ရပေ။
လက်ရှိတွင် ယဲ့ဖန်အား စူးရှသော အလင်းများ လွှမ်းခြုံထားသည်ကို မြင်ပြီး အင်မော်တယ် တျောင်မြောင်၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ဟားဟားဟား ဟေ့ကောင် ငါ့ကို အထင်သေးလို့ မင်း ဒီလို အဆုံးသတ်ရတာကွ"
"အထင်သေးတယ် ဟုတ်လား၊ ဘာလို့ ငါ မင်းကို အထင်ကြီးခဲ့မိတယ်လို့ ခံစားနေရတာလဲ"
ရုတ်တရက် အဖြူရောင် အလင်းကြားထဲမှ လှောင်ရယ်သံ ထွက်ပေါ်လာသည်။
"ဒါ လုံးဝ မဖြစ်နိုင်ဘူး"
အင်မော်တယ် တျောင်မြောင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး အပြင်သို့ ကျွတ်ကျမတတ် ဖြစ်လာကာ သူ့မျက်နှာတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ဖုံးလွှမ်းလာ၏။ သူ အလွန်အမင်း မှင်တက်နေသည်။
*ဒီကောင် မသေဘူးလား*
*မဟာ ကျောက်စိမ်းပုထို့နဲ့တောင် မသေပါလား*
ခန္ဓာကိုယ်ထွားကြိုင်းသော ကတုံးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်နေ၏။
*မဟုတ်မှလွဲရော ဒီကောင့်ကို ဘာနည်းလမ်းနဲ့မှ ထိပါးလို့မရတာလား*
*ကျောက်စိမ်းပုထို့တောင်မှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးပေါ့*
နတ်နန်းတော်တစ်ခုလုံးတွင် ဤတိုက်ကွက်ကို လက်ချည်းဗလာဖြင့် ခုခံရဲသူ မရှိချေ။ ဤမြင်ကွင်းက သူတို့ကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
သူတို့ထဲတွင် အင်မော်တယ် တျောင်မြောင်က အထိတ်လန့်ဆုံးပင်။ သူ၏ သူငယ်အိမ် ကျဉ်းမြောင်းနေပြီး အမူအရာက ထိုင်းမှိုင်းနေလေသည်။
မဟာကျောက်စိမ်း ပုထို့သည် သူ၏ ဂုဏ်အယူရဆုံး တိုက်ကွက်ဖြစ်သည်။ ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် အဖျက်စွမ်းအင် ထွက်ပေါ်လာကာ တစ်လောကလုံး တုန်ခါလာပြီး သက်ရှိအားလုံး ပျက်သုဉ်းရပေသည်။ မည်သူမှ ၎င်းကို မခုခံနိုင်ပါ။
*ဒါပေမဲ့ ဒီလူက မဟာကျောက်စိမ်း ပုထို့တိုက်ကွက်အောက်မှာ ဘာဒဏ်ရာမှ မရပါလား*
*မယုံနိုင်စရာပဲ*
*ဒါ တကယ့်ကို မယုံနိုင်စရာပဲ*
*ငါ လက်မခံနိုင်ဘူး*
ယဲ့ဖန်က သူ၏ ကျောက်စိမ်း အရိုးတုတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး လှောင်ပြုံး ပြုံးနေသည်ကို မြင်ပြီး အင်မော်တယ် တျောင်မြောင်တစ်ယောက် အဆုတ်များ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။
"သေစမ်း၊ သေလိုက်စမ်း၊ သေလိုက်စမ်းကွာ"
တစ်ခဏကြာသော် အင်မော်တယ် တျောင်မြောင်သည် အသိစိတ် လွတ်သွားသကဲ့သို့ ဒေါသထွက်လာလေသည်။ မဟာကျောက်စိမ်း ပုထို့ ထပ်မံ၍ ထွက်ပေါ်လာပြီး အလင်းများက အလွန် စူးရှကြမ်းတမ်းလာသည်။
ပတ်ဝန်းကျင် ပြိုလဲပေါက်ကွဲလာပြီး ချိုင့်များ ပေါ်လာကာ တောတောင်များ ပြိုလဲ၍ မြေဆီလွှာ အက်ကွဲလာကာ အချိန်မရွေး ပြိုကျတော့မည့်ပုံပင်။
သို့သော် ယဲ့ဖန်က ယခုအထိ ဘာဒဏ်ရာမှမရဘဲ လက်တစ်ဖက်ဖြင့် ကျောက်စမ်း အရိုးတုတ်ကို ဖမ်းကိုင်ထားမြဲ ထားလေသည်။ သူ ဆက်ပြောလာသည့် စကားကြောင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"မင်းအလင်းတုတ်ကြီးကို ယမ်းမနေနဲ့တော့၊ မျက်စိ အရမ်း စူးတယ်ဟ"
ယဲ့ဖန်က အင်မော်တယ် တျောင်မြောင်ကို သေချာကြည့်၍ အထင်သေးစွာ ပြောလိုက်သည်။
*အလင်းတုတ် ဟုတ်လား*
အင်မော်တယ် တျောင်မြောင်၊ ခန္ဓာကိုယ်ထွားကြိုင်းသော ကတုံးနှင့် အခြားသူများအားလုံး နားကြားမှား လေသလားဟု ထင်သွားကြသည်။
*အင်မော်တယ် တျောင်မြောင်ရဲ့ ကျောက်စိမ်း အရိုးတုတ်ကို သူက အလင်းတုတ်လို့ ခေါ်လိုက်တာလား*
"ဟားဟားဟား အလင်းတုတ် ဟုတ်လား၊ မျက်စိ အရမ်းစူးတယ်၊ ဘော့စ်ရေ ခင်ဗျားရဲ့ စကားတွေက ကြမ်းလွန်းပါတယ်ဗျာ၊ ဟားဟား ... ငါ အူတွေတောင် နာတယ်"
နတ်ဆိုးနဂါး ဖုရှန်က ကျယ်လောင်စွာ ရယ်မော၍ မြေကြီးပေါ် လူးလိမ့်နေ၏။ လင်းဝူယာ မျက်လုံးပြူး ထွက်နေသည်။
ဤသို့သော ကြောက်စရာကောင်းသည့် တိုက်စစ်က ယဲ့ဖန်အတွက် အရေးမပါဘူးတဲ့လား။
*ဒီကြောက်စရာကောင်းတဲ့ လူသတ်လက်နက်က ယဲ့ဖန်ရဲ့ ပါးစပ်ထဲမှာ အလင်းတုတ် ဖြစ်နေပါလား*
ထိုစဉ် ဟွမ်နူက သူ့ပခုံးကိုပုတ်ကာ ရယ်၍ ပြောလာသည်။
"မင်း အရှင်မင်းကြီးရဲ့ ထူးဆန်းတဲ့ ဟာသဉာဏ်ကို အသားကျမှဖြစ်မယ်"
"မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ"
အင်မော်တယ် တျောင်မြောင် အော်ဟစ်လာသည်။ သူ့အသံတွင် ဒေါသတို့ဖြင့် ပြည့်နှက်နေ၏။ နတ်နန်းတော်၏ နန်းတော်သခင်နှင့် ရင်ဆိုင်ချိန်တွင်တောင်မှ သူ သည်လောက် ကြံရာမရ မဖြစ်ခဲ့ဖူးပါ။
အကြိမ်ကြိမ် မျက်နှာဖြတ်ရိုက်ခံနေရခြင်းက အရှက်ရစရာပင်။ အင်မော်တယ်သခင်‌ တျောင်မြောင်သည် ဤသို့သော အရှက်ကွဲမှုကို တစ်ခါမှ မခံစားဖူးသဖြင့် သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။
ဤမျှ ကြောက်စရာကောင်းသောလူကို သူ တစ်ခါမှ မမြင်ဖူးပါ။ တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုကို ဘာမှမဖြစ်သည့်အပြင် ဘာမှမဟုတ်သကဲ့သို့ သဘောထားနေသည်။
အစောပိုင်းက တိုက်ခိုက်မှုအချို့သည် သူ၏ ယန်စွမ်းအင်ကို အတော်လေး ကုန်ဆုံးစေသဖြင့် ယခု သူ အသက်ကို မနည်းရှူနေရသည်။
တစ်ချက်တည်းဖြင့် ကျားတစ်ကောင်ကဲ့သို့ အရှိန်အဝါ ရှိသော်လည်း အားကုန်သွားလျင် သုံးဆ မောပန်းရသည်။ ယခု သူ အားယုတ်စ ပြုလာ၏။
"ခွေးမသား ငါ့လက်သီးကို မြည်းကြည့်စမ်း"
ထိုစဉ် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာ၏။ ကတုံးနှင့်လူက အရှိန်ဖြင့် ပြေးလာသည်။ သူ့ခြေလှမ်းကြောင့် မြေဆီလွှာ တုန်ခါလာပြီး သူ့အသံတွင် လူသတ်ချင်စိတ်များ ဖုံးလွှမ်းနေ၏။
ပန်းကန်တစ်လုံးစာမျှ ကြီးမားသော လက်သီးနှစ်လုံးသည် မိုးမြေကို လှုပ်ခါစေနိုင်သော စွမ်းအားနှင့်အတူ ယဲ့ဖန်ထံ ကျရောက်လာ၏။
ကတုံးနှင့်လူနှင့် အင်မော်တယ် တျောင်မြောင်တို့သည် အချင်းချင်း သိကျွမ်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်သည်။ သူတို့သည် ပြောစရာမလိုဘဲ အချင်းချင်း သိနားလည်ကြသည်။ အင်မော်တယ် တျောင်မြောင် အားယုတ်နေသည်ကို မြင်သောအခါ သူတို့ ချက်ချင်း ပြေးတက်ကာ ယဲ့ဖန်ကို သည်းကြီးမည်းကြီး တိုက်ခိုက်ကြသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်က သိုင်းကွက်မျိုးစုံ မတိုးသည့်အပြင် သူ၏ လက်သီးဖြင့်ပါ မဖျက်ဆီးနိုင်ဘဲ ရှိလိမ့်မည်ဟု ထင်မထားမိပါ။
ယဲ့ဖန်က အင်မော်တယ် တျောင်မြောင်၏ ကျောက်စိမ်း အရိုးတုတ်ကို လွှတ်ပေးလိုက်ပြီး ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့်လူဘက်သို့ မျက်နှာမူ၍ ပြုံးတုံ့တုံ့ ပြောလိုက်သည်။
"ကောင်းပြီလေ ငါ မင်းလက်သီးကို မြည်းကြည့်ရတာပေါ့"
ခန္ဓာကိုယ် ထွားကြိုင်းသော ကတုံးနှင့်လူ အံ့ဩသွားသည်။
*ဒီကောင်က ထိပ်တိုက် ရင်ဆိုင်ဖို့ သဘောတူလိုက်တာလား၊ သူ ရူးနေပြီလား*
ချက်ချင်းဆိုသလိုပင် သူ့မျက်နှာတွင် အားရဝမ်းသာစိတ် ပေါ်လာပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။
*သေချင်နေတာ၊ ဒီကောင်က သေတွင်းတူးနေတာပဲ*

ငရဲမှလာသောသူ Chapter 1401-1600Where stories live. Discover now