စာစဉ် 106 Chapter 1580 ဦးလေးနှင့် အစ်ကိုကြီး
"အင်မော်တယ် ဧကရာဇ်တဲ့လား၊ ခင်ဗျားကလား"
ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။ အိုးရန်လင်း မှင်တက်သွားသည်။ သူ့အရှေ့မှ လူငယ်လေးသည် အံ့ဩဖွယ် ကောင်းသော လူငယ်လေးပင်။
*ဟုတ်သားပဲ၊ သူ့ကိုယ်ထဲမှာ ယန်စွမ်းအင်မှ မရှိတာ၊ အဲ့တော့ သူ ချက်ချင်း ဘယ်ခံစားမိမှာလဲ*
အိုးရန်လင်းက သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်၍ ပြောလိုက်သည်။
"ဒီသခင်ကြီးက နာမည်ကျော် ဘုရင်တို့ရဲ့ ဘုရင်ပဲကွ"
ထို့နောက် အိုးရန်လင်းက မျက်လုံးကိုစွေ၍ ယဲ့ဖန်၏ တုံ့ပြန်မှုကို ချောင်းကြည့်လေသည်။ ယဲ့ဖန်က အံ့ဩသော အမူအရာ ပြလိမ့်မည်ဟု သူ ထင်ထားသော်လည်း ယဲ့ဖန် ပြန်ပြောလိုက်သည်က
"ကျုပ် တစ်ခါမှ မကြားဖူးဘူး"
"မင်း..."
အိုးရန်လင်း အလွန် ဒေါသထွက်သွားပြီး သွေးအန်လုနီးပါး ဖြစ်နေသည်။
*ဘယ်လို ချီးကျူးရမလဲ မသိတဲ့ လူငယ်ပါလား*
"ဘာပဲဖြစ်ဖြစ် ငါက အင်မော်တယ် ဧကရာဇ်အဆင့်ပဲ၊ မင်း နားလည်လား"
အိုးရန်လင်း လျစ်လျူရှုခံရသည်က ပထမဆုံးအကြိမ်ပင်။
*ဒီကောင်လေးက ကြောက်နေရမှာ မဟုတ်ဘူးလား၊ ဘာလို့ ငါ့ကို အရူးတစ်ယောက်ကို ကြည့်သလို လာကြည့်နေတာလဲ*
*ငါကလည်း ကိုးပြည်နယ်အတွင်းမှာ နာမည်ကျော်တဲ့လူပါ၊ ဘယ်လိုလုပ် ဒီကောင်က ငါ့ကို လာအထင်သေး နေတာလဲ*
*တကယ်ပါပဲ*
"ခိုးကြောင်ခိုးဝှက် ဝင်လာတဲ့ အင်မော်တယ် ဧကရာဇ်အဆင့် လူကို ငါ တစ်ခါမှ မမြင်ဖူးဘူး"
ယဲ့ဖန်က ပေါ်တင်ဖဲ့၍ ပြောလိုက်သည်။ ညသန်းခေါင်အချိန်တွင် နန်းတော်တွင်းသို့ ခိုးဝင်လာသဖြင့် သူ့၌ ကောင်းသော ရည်ရွယ်ချက် မရှိနိုင်ပေ။
အိုးရန်လင်းတစ်ယောက် နှလုံးသားကို ဓားနှင့် ထိုးစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူ အသက်ပင် မရှူနိုင်ချေ။
![](https://img.wattpad.com/cover/327002648-288-k232648.jpg)