အခန်း ၁ ။

627 65 2
                                    

အခန်း ၁ ။ ညဘက်ပင်လယ်ဈေး

ရထားဘူတာသည် ရောက်ရှိလာသော ခရီးသည်နောက်တစ်သုတ်ကို ခရီးဦးကြိုပြုနေလေသည်။ဂိတ်ပေါက်မှ လူထုကြီးသည် တိုးဝှေ့သွားလာနေကြလေ၏။  လူအုပ်ကြားထဲတွင် ခန္ဓာကိုယ်သေးသွယ်သော လူတစ်ယောက်မှာ စွဲမက်ဖွယ်ကောင်းသောလှကြောင့် ဖြတ်သန်းသွားလာသူတိုင်းမှာလည်း  လည်ပြန်မကြည့်ဘဲမနေနိုင်ကြပေ။

ထိုသူမှာ အရပ်အမြင့် (၁.၆)မီတာခန့် ရှည်ပြီး တိုင်းရင်းသားဝတ်စုံ ဝတ်ထားသော မိန်းကလေးတစ်ယောက်ပင် ဖြစ်လေ၏။

တိုင်းရင်းသားများ၏ အဝတ်အစားများမှာ များသောအားဖြင့် အရောင်တောက်တောက်များ ဖြစ်တတ်သော်လည်း ထိုမိန်းကလေး၏အဝတ်အစားများမှာ  အတော်လေး လက်ရာမြောက်ပြီး ခန္ဓာကိုယ်အနှံ့တွင် ပန်းထိုးများနှင့် ပုလဲများထိုးထားသောကြောင့် ဘူတာရုံ၏နီယွန်မီးရောင်အောက်တွင် ထူးထူးခြားခြား လင်းလက်တောက်ပနေလေသည်။

ဝူမြောင်မြောင်သည် သူမဆရာပေးလိုက်သော မှတ်စုကို ထုတ်ကာ လိပ်စာကို တစ်ချက်ကြည့်လိုက်ပြီး ဘယ်ကိုသွားရမှန်းမသိတာကြောင့် ယောက်ယက်ခတ်နေသည့် လူအုပ်ကြီးကိုပဲ ကြည့်နေမိလေသည်။

“သမီးလေး တစ်ယောက်ယောက်ကို စောင့်နေတာလား။”

လုံခြုံရေးဦးလေးကြီးသည် ဝူမြောင်မြောင်ကို စောင့်ကြည့်နေခဲ့တာ အချိန်အတော်ကြာပြီပင် ။ သူမဟာ ဂိတ်ပေါက်ကနေ ထွက်လာပြီးနောက်တွင် ထိုနေရာမှာတင် အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့တာကိုလည်း သူတွေ့နေရသည်။

“မင်္ဂလာပါ။”

ဝူမြောင်မြောင် လူတစ်ယောက်လာနေတာမြင်တော့ သူမကလည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ။အဆင်ပြေရဲ့လား။”

လုံခြုံရေးဦးလေးကြီးက သူ၏အထက်တန်းကျောင်းတက်နေသော သမီးလေးနှင့် ဆင်သည့်ဝူမြောင်မြောင်၏ ချစ်စရာကောင်းမှုကို မြင်လိုက်ရသောအခါ ရင်းရင်းနှီးနှီး ပြုံးပြလာလေသည်။

“ဒီနားမှာ ရပ်နေတာ တော်တော်ကြာနေပြီ။သမီး တစ်ယောက်ယောက်ကို စောင့်နေတာလား။ဒါမှမဟုတ် လမ်းပျောက်နေတာလား။”

ကဝေမဒီလေးWhere stories live. Discover now