'ဟိတ်..ရွှေခဲ..'
'ဘာတုံး..'
ခေါ်သံကြောင့် နောက်လှည့်ကြည့်၍ထူးလိုက်လျှင် ပွတ်ချွန်းက သူမခြေလှမ်းတွေကိုမီအောင်လိုက်လာကာ...
'ထူးသံကလည်း ချိုသာလိုက်တာဟာ...'
ရွှေခဲဘေးမှာ ယှဥ်ရပ်၍ ခပ်ရွဲ့ရွဲ့ပြောတော့ ရွှေခဲ မျက်မှောင်ကြုတ်သွား၏။ ပွတ်ချွန်းမျက်နှာက မြင်နေကျအတိုင်း စပ်ဖြီးဖြီးနှင့်အချိုးမပြေ။
'နင် ဘယ်တုန်းကပြန်ရောက်တာတုံး..'
'သုံးရက်လောက်ရှိပြီ ..'
'ဟင် သုံးရက်တောင်ရှိပြီလား၊ နင်ကလည်း ပြန်ရောက်တာ ငါ့တော့မပြောဘူး...'
'ငါ့ဘာသာငါ အိမ်ပြန်လာတာ နင့်ကိုဘာလို့ပြောနေရမှာလဲ..'
ပွတ်ချွန်းနှင့်စကားပြောတိုင်း အဆီအငေါ်မတည့်တာလည်း ၀ဋ်တစ်မျိုးပဲထင်သည်။
'အေးပါ..မပြောလည်းရပါတယ်..'
လက်နောက်ပစ်၍ပြောပုံက အမြင်ကတ်ဖွယ်။
'နင်ပြန်ရောက်တော့ ငါ၀မ်းသာသွားလို့ပါ ၊ နင် ဟိုမှာစာတွေ အရမ်းကြိုးစားနေတာမို့လား၊ မန္တလေးမှာအနေကြာပြီး မာနကြီးနေတာပေါ့လေ..'
'ဟဲ့ကောင်..ငါ့ပုံစံက အဲ့လိုဖြစ်နေလည်း မတတ်နိုင်ဘူး၊ နင်လိုရင်းပဲပြော..'
'ဟုတ်ပါပြီ မာနခဲရယ်..အဲလေ ရွှေခဲရယ်..ငါနင့်ကိုအကူအညီတောင်းချင်လို့..'
'ထင်သားပဲ ...အကူအညီလိုချင်လို့ နင့်မျက်ခွက်ကြီးဖြီးနေတာ...'
'ဟီးဟီး...သိရင်လည်း ကူညီပေးနော်..'
ပွတ်ချွန်းက မျက်နှာတင်မက သွားပါဖြီး၍ ပခုံးများပင် ညွှတ်လိုက်သေးသည်။ ရွှေခဲ နှုတ်ခမ်းမဲ့ မျက်စောင်းထိုးရင်း ခြေလှမ်းတွေပိုသွက်လာ၏။ ပွတ်ချွန်းက ငယ်ငယ်ကတည်းက ခဲတံ၊ခံဖျက် စသည့်ပစ္စည်းတစ်ခုခုငှားလိုလျှင်တော့ မျက်ခွက်ကြီးစပ်ဖြီးဖြီးနှင့်စကားရောဖောရော လာလုပ်တတ်ကာ တခြားချိန်များဆိုလျှင် မတည့်ရာမတည့်ကြောင်းပဲ စနောက်နေတတ်သူမို့ ရွှေခဲက ပွတ်ချွန်းကိုဆို သိပ်မကြည်လင်ချေ။ ထို့ပြင် ရွှေကျီးမ၊ ကျီးအာသီးမ စသဖြင့်ခေါ်၍ အမေပေးသည့်နာမည်ကို ဖျက်လိုဖျက်ဆီးလုပ်တတ်တာလည်း ပွတ်ချွန်းပဲဖြစ်နေသောကြောင့် ...

أنت تقرأ
Write Your Own History
عاطفيةကျွန်တော်၏အသက်နှင့်ခန္ဓာအား ဤရွာအတွက်အပ်နှင်းပါသည်။ ကျွန်တော့်ပခုံးထက်သို့ လွှဲပြောင်းယူခဲ့သော တာ၀န်နှင့်၀တ္တရားတို့အတိုင်း ဤရွာ၏ကောင်းကျိုးကိုရှေးရှု၍ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဦးလည်မသုဥ် ကျေပွန်စွာ...