📜အခန်း(၃၇)📜

11.2K 602 253
                                    


တစ်ပွင့်...
နှစ်ပွင့်...
သုံးပွင့်...။
လက်လှမ်းမမီသည့်ကြာပွင့်တွေကို လက်ညှိုးထိုးရေရင်း နှမြောတသ မချင့်မရဲဖြစ်ကာ နှုတ်ခမ်းကိုက်မိလိုက်၊အံကြိတ်မိလိုက်နှင့် လက်ထဲကကြာသုံးပွင့်ကိုငုံ့ကြည့်၏။ နွေဦးပေါက်ပြီမို့ သစ်ပင်တွေခြောက်သွေ့ကာ သစ်ရွက်တွေကြွေကျနေသော်လည်း ကန်ကြီးပတ်လည်မှာ စိမ်းစိမ်းစိုစိုလှနေဆဲပင်။
ထို့ပြင် ကြာတွေအကွက်လိုက်ပွင့်နေသဖြင့် မနက်ခင်းစောစော နေမထွက်ခင်အချိန်မှာ သူမ ကြာပန်းလာခူးခြင်းဖြစ်၏။ ၀ီရိယရှိရှိ စောစောထ၍လာမှသာ ကြာတွေကိုလက်ဦးနိုင်မည်။

မဟုတ်လျှင် အော်တိတ်တို့၊ဇီးပြားတို့က ရွာထဲလည်ရောင်း၍ကုန်လောက်ပြီ။ သူတို့လိုရေကူးတတ်လျှင်လည်း အကောင်းသား။ အခုတော့ ရေကူးတတ်ဖို့နေနေသာသာ ရေထဲတောင်မဆင်းရဲဘဲ လက်လှမ်းမီရာကြာပန်းကိုချိုးယူနေရသဖြင့် စိတ်ထဲအကြိုက်မတွေ့ချင်။ ကြာပန်းတွေကလည်း အော်တိတ်တို့အချိုးခံဖို့များ ရေလယ်မှာကွက်ပွင့်နေသလား မပြောတတ်ချေ။ မရနိုင်တာကိုငေးမနေတော့ဘဲ ခူးလာသည့်ကြာသုံးပွင့်ကိုသာယူ၍ ရွာဘက်ပြန်လျှောက်လာခဲ့သည်။

ကန်ကြီးက မေညို့ယာဧကအတွင်းမှာရှိကာ ချိုးရေအတွက် တစ်ရွာလုံးအသုံးပြုကြသည့်ရေကန်ဖြစ်သည်။ မေညို့အိမ်မှခြေလျင်လျှောက်လျှင် လေးဖာလုံခန့်ဝေး၏။
ရွှေခဲ ကန်ကြီးအရှေ့ဘက်ယာခင်းတွေထဲမှတစ်ဆင့် ဖြတ်၍ မေညို့အိမ်သို့လျှောက်လာခဲ့သည်။ သူမ ကျောင်းပိတ်ရက်ပြန်လာတိုင်း မေညို့အိမ်က တစ်နေရာမဟုတ် တစ်နေရာတော့ပြောင်းလဲနေသည်သာ။ အိမ်ကြီး၏ရှေ့ဘက်ခြမ်းမှာ ကွန်ကရစ်လမ်းကျဥ်းလေးခင်းထားကာ သူမနှင့်မမပူစူးစိုက်ထားသည့် စီးပွားဂမုန်းပန်းအိုးတွေက လမ်းတစ်လျှောက် စီရရီ နေရာယူထား၏။ အနောက်ခြမ်းမှာတော့ ဆောက်လက်စအုတ်တိုက်တစ်လုံးနှင့် မြေနီအုတ်ခဲပုံကြီးကိုတွေ့ရသည်။ ထိုနားမှာတော့ သီးပင်စားပင်စိုက်ခင်းကြီးက ဧက၀က်လောက်ကျယ်၏။

ရွှေခဲ တွေးရင်းငေးရင်း အိမ်နားသို့ရောက်မှန်းမသိရောက်လာသည်။ မေမေက ပဲပုစွန်သီးခူးဖို့ခိုင်းစေလိုက်သော်လည်း သူမက အနောက်ကန်ကြီးမှာ ကြာပန်းသွားခူးနေသည့်အဖြစ်။

'ဟဲ့ ရွှေခဲလေးရေ...ညည်းလေးက ဒါ ဘယ်ကပြန်လာတာတုံး၊ ပဲပုစွန်သီးခူးမယ်ဆိုပြီးတော့ ကန်ကြီးဘက်သွားပြန်ပြီထင်တယ်..'

ဒေါ်မှုံကြီးက ရွှေခဲကိုမြင်တော့လှမ်းအော်သည်။ ဒေါ်မှုံကြီးအော်သံကြားလို့ထင်သည်။ ဒေါ်လွန်းညို ဆံထုံးထုံးလက်စတန်းလန်းနှင့်အိမ်ထဲမှထွက်လာ၏။

'ဟင် သမီး...အခုထိဘာမှမပြင်ရသေးဘူးလား၊ ဒီနေ့ ဘုန်းကြီးကျောင်းမှာ မေညိုတို့အလှူရှိတယ်လေ၊ မေ့နေပြန်ပြီထင်တယ် ဒီကလေးကတော့...'

မေညိုပြောမှ သူမသတိရသွားသည်။ ဒီနေ့ ဦးသောမွေးနေ့။ တစ်ခါမှ၀တ်ကောင်းစားလှမ၀တ်ခဲ့ဖူးသော ဒေါ်လွန်းညိုက ပိုးချိတ်နှင့်ရင်ဖုံးအင်္ကျီကိုတွဲ၀တ်ထားပြီး လက်၀တ်လက်စားတွေညွှတ်ကျနေ၏။ ပူစူးမကလည်း ပြင်ဆင်ခြယ်သနေပြီ။

'သမီး...မေညိုတို့ မမပူစူးတို့က ဟိုမှာစီမံခန့်ခွဲစရာတွေရှိနေလို့ အခုပဲဘုန်းကြီးကျောင်းကိုသွားတော့မလို့..သမီးလည်းအိမ်ပြန် အ၀တ်အစားလဲ၊ လှလှပပလေးဖြီးလိမ်းခြယ်သပြီး ကျောင်းကိုလိုက်လာခဲ့နော်၊ မေညိုတို့သွားတော့မယ်သမီးရေ...'

ဒေါ်လွန်းညို အရေးတကြီးဖြစ်နေပုံဖြင့် အိမ်ထဲပြန်၀င်သွားပြီးမှ ပါဆယ်ပုံးတစ်ပုံးကိုင်လျက်ပြန်ထွက်လာသည်။ ရွှေခဲက အိမ်မပြန်သေးဘဲ ကျောက်စည်နားမှာ ခြေလက်ဆေးနေဆဲ။

'သမီးရေ...ဒီပုံးကြီး အပေါ်ထပ်က သမီးကိုကြီးဆီသွားပို့လိုက်ဦး..ပူစူးရေ...ပြီးပြီလား..မြန်မြန်လုပ်ဟယ် ..ကြာချက်..'

ရွှေခဲလက်ထဲ ပါဆယ်ပုံးကြီးထည့်ပေးခဲ့ပြီး ဒေါ်လွန်းညိုနှင့်ပူစူးမ ခပ်သုတ်သုတ်ထွက်သွားကြလျှင် ရွေခဲက ကြာသုံးပွင့်ကိုကျောက်စည်ထဲ ရေစိမ်ထည့်ခဲ့ပြီး ပါဆယ်ပုံးကိုင်လျက် အိမ်အပေါ်ထပ်သို့တက်ခဲ့သည်။
သူမ၏လှုပ်ရှားမှုမှန်သမျှကို ပြတင်းထက်မှ ငုံ့ကြည့်နေသူသည်...

'တစ်လပိုင်းက စာရင်းတွေပဲ ပြန်စစ်ထား၊ ပဲခူးက၀ယ်လက်တွေကို ငါနောက်မှဖုန်းဆက်ပြောလိုက်မယ်..စျေးကွာနေတာတွေဘာတွေက မင်းတို့ရှင်းရမယ့်အပိုင်းမဟုတ်ဘူး၊ စာရင်းပဲမှန်အောင်ပြန်စစ်ပြီး ငါ့ကိုဖိုင်ပို့လိုက်..'

သူ စီးကရက်လက်ကြားညှပ်ရင်း ဖုန်းပြောနေလျက် အပေါ်ပိုင်းဗလာကျင်းနှင့်အ၀တ်အစားမလဲရသေးသည့်အဖြစ်ကိုလည်း မေ့နေသည်။ တစ်မနက်လုံး လာသမျှဖုန်းကို မိုးလင်းကတည်းက မပြီးနိုင်မစီးနိုင်ပြောနေရ၏။

'ဒီနေ့တစ်နေကုန် ဘာကိစ္စပဲရှိရှိ ဖုန်းမဆက်နဲ့၊ စာပဲပို့ထား..'

အပြတ်ပြော၍ ဖုန်းကိုစက်ပိတ်လိုက်သည်။ ဒီနေ့ သူ့မွေးနေ့။ မွေးနေ့အလှူနှင့် ကျမ်းကျိန်လွှာဖတ်ပွဲ တွဲလျက်ရှိနေသည်မို့ ရွာလုံးကျွတ်လာကြမည်။ ဒီလိုအခမ်းအနားတွေကို စိတ်လည်းမ၀င်စား၊ ဘယ်တော့မှလည်းမသွားဖြစ်ခဲ့ဘဲ အမေ့ဆန္ဒကြောင့် အလှူကြီးပေးလိုက်ရသည်။
စီးကရက်ကိုတစ်ဖွာခန့်ရှိုက်လိုက်ပြီး စားပွဲပေါ်ကကြွေခွက်ထဲမှာပြာ​ခြွေလိုက်၏။ ထို့နောက် ချိတ်စင်က တဘက်ကိုဆွဲ၍ လှည့်လာလျှင် ပါဆယ်ပုံးကိုင်၍ သူ့အခန်းရှေ့ရောက်လာသူကရွှေခဲလေး။

'မေညိုကပေးခိုင်းလိုက်တာ ...'

သူဘာမှမပြောရသေးခင် သူမကအရင်ပြော၍ ပါဆယ်ပုံးကိုကမ်းပေးသည်။ သူလက်လှမ်းယူတော့ သူမက လှည့်ထွက်ဖို့ဟန်ပြင်လျှင် သူက သွားခွင့်မပေးဘဲ တံခါးကိုလက်ထောက်၍ ပိတ်ရပ်ပစ်၏။

Write Your Own HistoryWhere stories live. Discover now