📜အခန်း(၃၂)📜

9.4K 423 25
                                    


အိမ်နောက်ဖေးဘက်မှ တဖျောဖျောရေစီးသံများကြောင့် ဒေါ်ဖြူနွဲ့ဟင်းချက်နေဆဲတန်းလန်း ယောက်မကြီးကိုင်ထားလျက် ထိုနားသို့ပြေးလာသည်။ ရွှေခဲက အုတ်ကန်ထဲကရေတွေကို ဖလားနှင့်ခပ်ထုတ်ကာ ခြေထောက်ကိုရေဆေးနေ၏။

'ဟဲ့ ဟဲ့ ခြေထောက်ဆေးရုံလေးကို ရေအဲ့လောက်လောင်းရလား၊ အမလေး..ကုန်ပါပြီ ကုန်ပါပြီ ...'

မနက် စောစောစီးစီးအချိန်မှာ ဒေါ်ဖြူနွဲ့ မျက်ကလဲဆန်ပျာဖြစ်လျက် ရင်ဘတ်ထုနေ၏။ ရွှေခဲက ခြေထောက်ဆေးရုံနှင့် အားမရသေးဘဲ ရေတစ်ဖလားခပ်၍ မျက်နှာတွေ၊လည်ပင်းတွေကိုပါ ရေနှင့်တဖတ်ဖတ်ရိုက်လိုက်ပြီးမှ..

'ခြေထောက်က နောက်ချီး(နွားချေး)တက်နင်းမိထားလို့အနံ့ပျောက်အောင် ရေဆေးနေတာပါ၊ ဒွေးကြီးကလည်း ဆူဖို့ပဲ '

'ရေဆေးရင်လည်း တော်ရုံတန်ရုံလောင်းလေ၊ တဖျောဖျောတသောသောလောင်းချနေတာ ရေချိုးသလောက်ကို မကတော့ဘူး၊ ရေကိုချွေတာသုံးရတယ်ဟဲ့၊ အုတ်ကန်ထဲမှာရေနည်းနေပြီ သိရဲ့လား..'

'တစ်၀က်ကျော်တောင် ကျန်သေးတာကို..'

'တစ်၀က်ပဲကျန်ကျန် တစ်ပိုင်းပဲကျန်ကျန် ရေကအလကားရတာမဟုတ်ဘူး'

'မိုးရေက ပိုက်ဆံပေးရလို့လား..'

ဒေါ်ဖြူနွဲ့က သူမပြောသမျှ တစ်ခွန်းမကျန်ပြန်ပက်နေသည့်ရွှေခဲကို စိတ်တိုလာဟန်ဖြင့် ခါးထောက်ကြည့်သည်။

'မိုးရေက ပိုက်ဆံမပေးရပေမဲ့ မိုးရွာမှရေရတာလေ၊ ဒီနှစ် မိုးကခေါင် ရေကရှားနဲ့ ဘယ်လောက်ခက်ခဲနေလဲမသိဘူးလား..မင်းမကောင်းလို့မိုးခေါင်နေရတဲ့အထဲညည်းတို့က နည်းနည်းမှချွေတာရကောင်းမှန်းမသိဘူး'

'မင်းမကောင်းတာနဲ့မိုးခေါင်တာနဲ့ဘာဆိုင်လို့လဲ...အညာဒေသမိုးခေါင်တာ ဘာမှမဆန်းဘူး..ဒီဘက်ဆိုစည်းကမ်းမရှိ တောမီးရှို့နေကြတာ ပိုတောင် ခေါင်ဦးမယ်..'

'ညည်းပါးစပ်ပိတ်လိုက်တော့..စောစောစီးစီးကျက်သရေတုံးအောင်မပြောနဲ့..'

'ဒွေးကြီးပဲ လာပြောပြီးတော့...'

'ရွှေခဲ...ညည်းကတော့နော်...အိမ်မှာခေါ်ထားရင်
တစ်နေ့တစ်မျိုးတော့ စိတ်ကသိကအောက်ဖြစ်အောင်လုပ်တယ်၊ အိမ်မှာလူမမာရှိနေလို့ မဆူဘဲနေမယ်တွေးလည်းမရဘူး..'

Write Your Own Historyحيث تعيش القصص. اكتشف الآن