📜အခန်း(၅၂)📜

11.1K 570 66
                                    


'အိပ်မက်စေတမန်....
ညှင်းသွဲ့၀န်းရံ လေသွေးပြန်...
ဥသြတွန်သံ ကြားရသည်မှ နိုးထလာခဲ့ပြန်..
ဪ သင်္ကြန်....အဖော်ကင်းပြန်...

အဆိုတော်ရင်ဂို၏ 'အိပ်မက်စေတမန်'သီချင်းသံက တစ်ဖက်လမ်းဆီမှ လွမ်းမောဖွယ် လွင့်ပျံ့လာသည်။ ပိတောက်နှင့်ငု၀ါတွေ ၀ါ၀ါထိန်ထိန်ပွင့်နေ၍သာ သင်္ကြန်အခါတော် ရောက်နေပြီဖြစ်ကြောင်း သတိရသည်။ ဒီနှစ် Covid-19ကြောင့် သင်္ကြန်ပွဲတော်ဆင်နွှဲခွင့်ကို ပိတ်ပင်တားမြစ်ထား၏။ ရွာမှာလည်း ကလေးတွေပင် ရေကစားခွင့်မရှိချေ။

ရွှေခဲ ငါးခြောက်ထုပ်ဆွဲ၍ လမ်းအကွေ့သို့လျှောက်ခဲ့လျှင် လမ်းထောင့်မှာကျနေသည့်အမှိုက်တစ်စကို ကောက်၍ ပိတောက်ပင်ရိပ်အောက်က အမှိုက်ပုံးထဲပစ်ထည့်သည်။ ပိတောက်ပင်ကို မော့ကြည့်မိတော့ ပိတောက်ပန်းတွေ ဝေဆာစွာဖူးပွင့်နေကြသည်ကို မြင်ရသဖြင့် ကျေနပ်ပြုံးတစ်ချက်ဖြစ်သွား၏။ ခရိုးခြေက သစ်တုံးပေါ်တက်၍ ပိတောက်ပန်းကိုမမီမကမ်းလက်လှမ်းခူးနေဆဲမှာပဲ အပင်ခွကြား မြင်သာသည့်နေရာမှ စီစီတီဗီကင်မရာကိုတွေ့လိုက်ရသည်။ ရွှေခဲ ပိတောက်ပန်းခူးဖို့လက်လျှော့လိုက်ရကာ မက်စ်တပ်ထားသည့်ကိုယ့်မျက်နှာကို လက်နှင့်အုပ်ကွယ်မိသွား၏။

ကိုယ် သူများအိမ်ထောင့်က ပိတောက်ပန်းခူးနေတာကို စီစီတီဗီကင်မရာထဲက မြင်သွားလျှင်ဒုက္ခ။ လမ်းပေါ်မှာ လူရှင်းနေသော်လည်း လစ်လျှင်လစ်သလို အမှိုက်ပစ်ချတာမျိုး ဘယ်သူမှမလုပ်ရဲကြလောက်အောင်ထိ ဦးသော စည်းကမ်းတင်းကြပ်ထားပုံကတော့ သြချလောက်ပါပေသည်။

အိမ်ပြန်ရောက်တော့ အမေက ပိတောက်ပန်းတွေဘုရားပန်းအိုးထိုးဖို့ ပြင်ဆင်နေသည်။

'မေမေ..ပိတောက်ပန်းတွေဘယ်ကရလာတာလဲ..သမီးတောင် ဦးသိန်းစိုးတို့အိမ်ကနေ ခူးခဲ့မလို့လုပ်နေတာ..'

'ကိုသော ခုနပဲ၀င်ပေးသွားတာ...'

'ဦးသော လာသွားတာလား..'

'အေး...အခု နုသစ်တို့အိမ် ရှောက်သီးသွား၀ယ်ချေပါဦး...ရှောက်သီးသုပ်လေးဘာလေး စားရအောင်...စျေးဖိုးကျန်သေးတယ်မို့လား..'

Write Your Own HistoryWhere stories live. Discover now