'ရေမီတာခ ဘယ်လောက်တုံး...'
'၆မီတာဆိုတော့ ၄၈၀၀ကျတယ်...'
'ဟဲ့...ဘာလို့၆မီတာဖြစ်ရတာတုံး...ငါတို့ ရေ အဲ့လောက်အများကြီးမသုံးပါဘူး..'
ဒေါ်တင်သန်း ပြူးပြူးပြဲပြဲရင်ဘတ်ဖိနေတော့ ပွတ်ချွန်း စာရင်းစာအုပ်ကိုချိုင်းကြားညှပ်၍ မီတာပြန်စစ်သည်။
'အရီးသန်းတို့မသုံးဘဲနဲ့ ရေတွေက သူ့အလိုလိုကုန်သွားပါ့မလား... ၄၈၀၀ မြန်မြန်ပေးဗျာ ..ကျွန်တော် တခြားအိမ်တွေလည်း သွားတောင်းရဦးမှာ..အဲ နေဦး ၊ အရင်လကလည်း ၂၄၀၀မပေးရသေးဘူး..၇၂၀၀ ပေါင်းပေးရမှာ..'
'အောင်မလေး..ငါ သေသာသေလိုက်ချင်တော့တယ်.. အဲ့လောက်အများကြီးဘယ်လိုလုပ်ရှိမတုံး...'
ဒေါ်တင်သန်း အကြီးအကျယ်စိတ်ညစ်သွားသည်။ အိမ်မှာ ပေါင်နှံရောင်းချစရာ မကျန်တော့သည့်အပြင် ပေါင်ထားသည့်ယာကလည်း အတိုးနစ်၍ဆုံးတော့မည်။ ဘဏ်ကြွေးတွေလည်း မဆပ်နိုင်သေးဘဲ အကြွေးပေါ်အကြွေးဆင့်၍ အပူတွေ၀ိုင်းနေရသည့်အထဲမှာ ပွတ်ချွန်းဆိုသည့်အကုသိုလ်ကောင်ကတစ်မျိုး။
'ငါတကယ်မရှိသေးဘူးဟဲ့...အရင်လို နှစ်လုံးသုံးလုံးတွေလည်း မထိုးရတော့ ငွေရပေါက်ပိတ်တာကြာပြီ၊ ဒီအစိုးရနဲ့ဒီအုပ်ကြီးလက်ထက်ကျမှ ဘာတစ်ခုမှအဆင်ပြေတာမရှိသေးဘူး...'
'မဆီမဆိုင်တွေက ပြောပြန်ပြီ...အရီးသန်းတို့ဘာသာ အကြွေးထူလို့အဆင်မပြေတာလေ...အုပ်ကြီးက ရွာအတွက် ရေဆိုရေ မီးဆိုမီး ပညာရေးကျန်းမာရေးအတွက် လိုလေသေးမရှိ ပြည့်စုံအောင်လုပ်ပေးထားပြီးသား၊ လောင်းကစား၀ိုင်းတွေပိတ်လိုက်လို့ ငွေကိုဖြတ်လမ်းကလိုချင်တဲ့အချောင်သမားတွေ၊ အမှုအခင်းဖြစ်တာတွေ နည်းသွားတာလည်း ထည့်ပြောဦး..:''နင်ကလည်း အဲဒီ့အုပ်ကြီးကို ဆတ်ဆတ်ထိမခံပါလားပွတ်ချွန်း..ဘယ်အစိုးရတက်တက် ဘယ်အုပ်ကြီးတက်တက် ကိုယ်ရှာမှ ကိုယ်လုပ်မှကိုယ်စားရတာ...'
ပွတ်ချွန်း ရေမီတာခ ကောက်ဖို့လာသော်လည်း ဒေါ်တင်သန်း အရစ်ရှည်နေတာကို စိတ်မရှည်တော့ဘဲနားကြားပြင်းကတ်လာသည်။
'ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုလည်း အခုအုပ်ကြီးအိမ်မှာ အစိုးရကပေးတဲ့ ကိုဗစ်ထောက်ပံ့ကြေးလေးသောင်းနဲ့ ဆန်တစ်ပြည် ခင်ဗျားသွားမယူနဲ့တော့၊ ကိုယ့်ဆန်အိုးထဲကဟာပဲစားတော့..'
'ဟင် ဘာ..'
ချက်ချင်း ပြောင်းလဲအံ့သြသွားသည့်မျက်နှာကြောင့် ပွတ်ချွန်း မျက်နှာပြောင်ပါဘိဟု အသံတိတ်ပြောမိရင်း....
'အပြောင်းအလဲကလည်း မြန်လိုက်တာဗျာ... အုပ်ကြီးအိမ်မှာ တတိယအသုတ် ထောက်ပံ့ကြေးတွေပေးနေပြီ.. ကျွန်တော့်အမေတောင် သွားယူပြီးပြီ..အရင်တစ်ခါ ထောက်ပံ့ကြေးပေးတုန်းကလည်း ထိပ်ဆုံးကပြေးယူပြီး အုပ်ကြီးမကောင်းကြောင်းပြောနေသေးတယ်.. အုပ်ကြီးမို့လို့သာပေါ့..ကျွန်တော်သာဆို အရီးသန်းအိမ်ပဲကွက်ချန်ခဲ့မှာ...'
'ထောက်ပံ့ကြေးပေးနေတာကို စောစောကမပြောဘူးပွတ်ချွန်းရယ်..နင့်အမေကလည်း ဒါမျိုးကျ ငါ့ကိုခေါ်ဖော်တောင်မရဘူး၊ ငါနောက်ကျတော့မှာပဲ.. '
ဒေါ်တင်သန်းက အိမ်ထဲပြေး၀င်သွားပြီး ဖျင်စောင်ပိုင်းကိုခေါင်းပေါင်းကာ မက်စ်တပ်၍ ပြန်ထွက်လာသည်။
'ဟော ဟော အရီးသန်း... ရေမီတာခပေးဦးလေ..'
'ထောက်ပံ့ကြေးရလာမှ အဲဒီ့ထဲကနုတ်ပေးမယ်.. အခုတော့သွားယူဦးမယ်..'
ဒေါ်တင်သန်း အရွယ်နှင့်မလိုက် သွက်လက်စွာထွက်သွားလျှင် ပွတ်ချွန်း ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း ကျန်ရစ်ခဲ့သည်။ အုပ်ကြီးက သူနှင့်သာဂိကို ဒီလအတွက် ရေ၊မီး၊ မီတာခများ လိုက်ကောက်ဖို့တာ၀န်ပေးထားသည်။ ပိုက်ဆံမပေးသည့်အိမ်ကပိုများနေသည်မို့ အုပ်ကြီးဆူတာခံရလေမလားမသိ။
သူတို့ဆရာတစ်ဖြစ်လည်း အုပ်ကြီးက သဘောကောင်းသော်လည်း ပြတ်သားသူမို့ ငယ်ငယ်ကတည်းက ရှိန်ရကြောက်ရသည်။ ထို့ကြောင့် သူ့ကိုအမြင်ကတ်လျှင်လည်း ကတ်ကြပါစေတော့၊ အုပ်ကြီး အဆူအဆဲကလွတ်စေဖို့ မီတာခမပေးရသေးသည့်အိမ်များကို ဒုတိယမ္ပိ လိုက်ကောက်ရပြန်သည်။
'ပွတ်ချွန်းတို့လာပြန်ပြီဟေ့ ..ပိုက်သာဆွဲဖြုတ်သွားလိုက်ပါတော့ဟ..'
သူ့ကိုဆဲဆိုကြိမ်းမောင်း၍ ရိုက်နှက်မလွှတ်တာကံကောင်းလို့ပါလား။ ပွတ်ချွန်း စာရင်းကျန်သည့်အိမ်များကိုစာအုပ်ပြန်ဖွင့်ကြည့်ရင်း၊ ရသည့်ပိုက်ဆံများကိုရေတွက်ကြည့်ရင်းဖြင့် စိတ်ပျက်လက်ပျက်လျှောက်လာခဲ့၏။ ရွှေခဲတို့အိမ်နားရောက်တော့ ရွှေခဲနှင့်စကားပြောနေသည့်သာဂိကိုတွေ့သည်။ ရွှေခဲ၏ကလေးများက မန်ကျည်းပင်အောက်မှာ စာလုပ်နေကြ၏။
'ဘယ်လောက်ကျလဲ..'
'၅၆၀၀...'
'ခဏစောင့်.. ငါသွားယူဦးမယ်..'
ရွှေခဲ အိမ်ထဲ၀င်သွားလျှင် သာဂိ ဒူးနှံ့၍ထိုင်စောင့်နေပြီး ပွတ်ချွန်း၀င်လာသည်ကိုမြင်သွား၏။
'မင်းက အကုန်နှံ့အောင် တောင်းပြီးပြီလားပွတ်ချွန်း...'
'မပေးတဲ့အိမ်ကပိုများနေတာကွာ... စိတ်ညစ်တယ်..အုပ်ကြီးဆူတော့မှာပဲ..'
'ငါလည်း နည်းနည်းပဲရတယ်..ဒီလမပေးတဲ့သူများတယ်...'
'နောက်နှစ်ရက်ကျန်ပါသေးတယ်..ရအောင်တောင်းကြတာပေါ့..'
သူတို့အချင်းချင်း ဖေးမနှစ်သိမ့်နေကြစဥ် ရွှေခဲ ပိုက်ဆံယူ၍ပြန်ထွက်လာသည်။
'ရော့ ၆၀၀၀...ငါ့ကို၄၀၀ပြန်အမ်း...'
သာဂိကိုတစ်ထောင်တန် ၆ရွက် ကမ်းပေးလျှင် သာဂိက တစ်ရွက်ချင်းရေနေပြီးမှ..
'နောက်လကျလည်း ပေးရဦးမယ့်ဟာ..အမ်းမနေတော့ဘူးလေ..'
'မရဘူး...အကြွေပြန်အမ်းခဲ့...'
'ဖြည်းဖြည်းပြောပါရွှေခဲရယ်.. ငါ့ကိုဆို နည်းနည်းလေးမှ မချိုသာဘူး၊ ဒါနဲ့ ငါနင့်ကိုပရိုပို့စ်လုပ်ထားတာ ဒီလောက်နှစ်တွေကြာနေပြီပဲ...ဇွဲဆုလေးတော့ပေးသင့်ပါတယ်..'

أنت تقرأ
Write Your Own History
عاطفيةကျွန်တော်၏အသက်နှင့်ခန္ဓာအား ဤရွာအတွက်အပ်နှင်းပါသည်။ ကျွန်တော့်ပခုံးထက်သို့ လွှဲပြောင်းယူခဲ့သော တာ၀န်နှင့်၀တ္တရားတို့အတိုင်း ဤရွာ၏ကောင်းကျိုးကိုရှေးရှု၍ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဦးလည်မသုဥ် ကျေပွန်စွာ...