'kissပေးလို့ပြောနေတာကို အချိုးတွေပြောင်းနေတယ်နော် မောင်...'
'ပြောင်းတော့ စပဖြစ်လား မအိမ်လုံး...'
သာဂိ၏ဆဲဆိုသံက နည်းနည်းနောနောကျယ်သည်မဟုတ်။ မလှမ်းမကမ်းမှာ ထန်းလျှော်နှီးလုပ်နေကြသူတွေ ကွက်ကြည့်ကွက်ကြည့်လုပ်ကုန်ကြသည်။
ပွတ်ချွန်းက ရေခပ်ရင်း နှုတ်ခမ်းကြီးထော်လန်နေအောင်စူ၍ တပြွတ်ပြွတ် စုတ်သပ်ပြနေ၏။ သာဂိ
လက်ခလယ်ထောင်ပြသော်လည်း ပွတ်ချွန်းက အရေးမလုပ်ဘဲ...
'မောင်ကလဲကွာ...ဒါလေးပြောတာကို အဲလိုကြီးဆဲရလားလို့... မောင့်မှာ ရှိလည်းမရှိဘဲ...'
'မိုးသူရိန်... မင်းပါးစပ်ပိတ်ထားစမ်း... မဟုတ်ရင် ငါ ပိတ်ကန်မှာနော်...'
အံကြိတ်ကြိမ်းမောင်း၍ ဒေါနှင့်မောနှင့် ထလာမှ ပွတ်ချွန်း အသံတိတ်ကာ ရေမြန်မြန်ခပ်၍ ပုံးထဲဖြည့်သည်။
ဒီရေကန်က သူတို့စခန်းနှင့် ၂ဖာလုံလောက်ပဲဝေးပြီး ရေညှိရေမှော်ကင်းစင်သည့် ကန်လယ်ထိ ဆင်းခပ်မှသာ ချိုးရေကောင်းကောင်းရနိုင်သည်။ ဒီနေ့ ရေခပ်ဖို့အလှည့်ကျသူက ပွတ်ချွန်းနှင့်သာဂိဖြစ်၏။
'အင်တာနက်လိုင်းက မရတစ်ချက် ရတစ်ချက်နဲ့၊ ရတုန်းလေး ဖွင့်ကြည့်ရင် အဲလိုသောက်ပေါက်ကရသတင်းတွေ တက်တက်လာတယ်...ပေါက်လွတ်ပဲစား ရေပေါ်ဆီတွေ ဘောမတွေ လင်ယူသားမွေး ၊ ဖောက်ပြန် စနိုက်ကျော်တဲ့ကိစ္စတွေချည်းပဲ...ကျက်သရေတုံးတယ်...'
'အဲတော့လည်း ကျော်သွားလိုက်ပေါ့ကွာ...ဆိုရှယ်မီဒီယာမှာ ဒီလိုအညှီအဟောက်တွေက ပိုreachတက်တာ ထုံးစံပဲဟာ...တော်လှန်ရေးသတင်းကျတော့ လူစိတ်ဝင်စားမှုနည်းတယ်၊ ငြီးငွေ့အီတောက်နေတဲ့သူကများတော့ reachကျတာပေါ့...သွေးအေးကုန်ကြပြီလေ...'
'အဲလိုသွေးအေးနေတဲ့သူများလို့ ဒီတော်လှန်ရေး ကြာနေတာ...တချို့ကလည်း စစ်တပ်ကို အကျိုးစီးပွားအတွက်ပေါင်းပြီး တော်လှန်ရေးလည်း ကူသလိုလိုနဲ့ဟန်ပြယောင်စိန်လုပ်ကြတာ...ခွကြားတွေပေါ့ကွာ... အဖြူရောင်အနုပညာရှင်ဆိုတဲ့ဟာတွေကလည်း အဘဘောလေး ပြေးမလိုက်၊ အမှတ်မရှိတဲ့ပရိသတ်ကို ဖင်ချသွားလိုက်နဲ့ ဇောင်းကြွနေတာ...ခေတ်ကောင်းတုန်းက စောက်သုံးမကျလို့ဘုံပျောက်သွားတဲ့ ဖက်ခွက်စားတွေ အခုကျ မိုးခေါ်သံကြားတဲ့ဖားတွေလိုပဲ ဘယ်ချောင်ကလောင်ကနေ ပေါ်လာမှန်းမသိဘူး၊ ပရိသတ်ဆိုတဲ့ ငတုံးငအ ချီးဘရိန်းတွေကလည်း အလှူလေးလုပ်ပြလိုက်ရင်ကို သာဓုခေါ်ကြ အားပေးကြနဲ့ အမှတ်သည်းခြေကမရှိဘူး...ဖင်ချခံရ ခေါင်းခေါက်ခံရတာကိုတောင် နာရကောင်းမှန်းမသိ၊ ရှက်ရကောင်းမှန်းမသိ၊ ရန်ငါပြတ်ရကောင်းမှန်းမသိ boycottလည်း စောက်ဖြစ်မရှိ...'
'ခိုင်နှင်းဝေလိုဘောမကိုတောင် မေမေခိုင်လုပ်နေကြတဲ့နိုင်ငံပါဆိုနေမှ...'
'အေးလို့... အလှူလေးလုပ်ပြရင် အဲလူဘာလုပ်လုပ်မှန်တယ်ထင်နေကြတဲ့ ကျပ်မပြည့်မူးမပြည့်ဦးနှောက်တွေ...အဲလိုလူတွေဆီက တော်လှန်ရေးအသိစိတ်ဓာတ်နိုးကြွဖို့ဆိုတာ နောက်ဘုရားပွင့်ရင်တောင် မျှော်လင့်လို့မရဘူး...တစ်ခါတလေကျ ငါတို့ကသာ တော်လှန်နေကြတာ၊ သူတို့က နေသာသလိုနေရက်ကြတယ်လို့တွေးမိတိုင်း အသည်းနာတယ်...'
သာဂိ ခံပြင်းစွာပြောနေတော့ ပွတ်ချွန်း ပုဆိုးပြင်ဝတ်၍ ရေထဲမှ တက်လာကာ သာဂိဘေးမှာဝင်ထိုင်သည်။
'လောက်တွေက ချေးတွင်းထဲမှာပဲပျော်တာ မဆန်းဘူလေ...သူတို့ကို လိုက်ကြည့်ပြီး ခံပြင်းမနေနဲ့...ဥပေက္ခာသာပြုလိုက်...ငါတို့က မှန်တယ်ယုံကြည်လို့ရွေးချယ်ခဲ့တဲ့လမ်းပဲ၊ တစ်ယောက်တည်းကျန်ရင်တောင် အလံမလှဲဘဲ ဆက်လျှောက်မယ်၊ အဆုံးထိတော်လှန်မယ်လို့ သန္နိဌာန်ချခဲ့ပြီးသားမဟုတ်လား... စိတ်ဓာတ်ကျလည်း ခဏပဲပေါ့...မသေသရွေ့ဆက်တိုက်နေရဦးမှာပဲ...'
'အင်း...တွေးကြည့်ရင် ဒီ၅နှစ်အတွင်းမှာ ငါတို့မသေသေးတာ တကယ့်ကို ကံသီလို့ပဲနော်... အခုချိန်ထိ အသက်ရှင်နေသေးတာ မယုံနိုင်စရာပဲ...'
သာဂိ၏ရေရွတ်သံကြောင့် ပွတ်ချွန်း ငြိမ်ကျသွားသည်။ ယုံကြည်ရာ ပန်းတိုင်တစ်ခုအတွက် မိသားစုနှင့်နေရပ်ဒေသကိုစွန့်ခွာ၍ လျှောက်လှမ်းခဲ့သည့်ခရောင်းလမ်းခရီးကြမ်းက လေးနှစ်ကျော်၍ ငါးနှစ်ကာလအတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ။
ရောင်နီလင်းဖို့အားယူနေရဆဲ၊ အမှောင်ဖုံးနေဆဲဖြစ်သော ဒီနိုင်ငံက စစ်ခွေးဘီလူး အာဏာရူး၏နှစ်ပြားမတန်သော အတွေးအခေါ်၊ မစင်တွင်းထဲက လောက်ကဲ့သို့ ဦးနှောက်ဉာဏ်ရည်နှင့်ဖရိုဖရဲ ပေါက်လွတ်ပဲစား စီမံအုပ်ချုပ်မှုများကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာအမွဲဆုံးသော ကျဆုံးနိုင်ငံ ဖြစ်ခဲ့ရပြီ။
ရင်းခဲ့ရသော အသက်ပေါင်းများစွာ၊ စတေးခဲ့ရသော ဘဝပေါင်းများစွာ၊ ကြွေလွင့်ခဲ့ရသော ကြယ်ပေါင်းများစွာတို့အတွက် တရားမျှတမှုကိုအရယူပေးဖို့ တိုက်ပွဲဝင်ရင်းဖြင့် သေလူလိုရှင်သန်ခဲ့ရသော ဒီနှစ်တွေအတွင်းမှာ ပျော်စရာ ဗလာနတ္ထိဖြင့် အိပ်မက်တွေစမ်းတဝါးဝါးနှင့်လမ်းပျောက်နေကြရဆဲဖြစ်၏။
နိုင်ကိုနိုင်မည့်တိုက်ပွဲဟု ယုံကြည်၍ တော်လှန်ခဲ့သည်မို့ နောက်ပြန်လှည့်ဖို့ စိတ်ကူးမရှိ။ အရေးတော်ပုံအောင်မြင်၍ အာဏာရူးများ ကျဆုံးခန်းရောက်သည့်တစ်နေ့မှာ သူတို့ ရှင်သန်နေဦးမလား၊ သို့မဟုတ် အသက်ပေးလိုက်ရလေမလား စသဖြင့် အနာဂတ်ကိုဘယ်သူမှ ကြိုမသိနိုင်။ ဖက်ဒရယ်ပြည်ထောင်စုကြီး အသက်ဝင်လာမည့်တစ်နေ့ အရုဏ်ဦးရောင်နီသာ လင်းခဲ့မည်ဆိုလျှင် အသက်ကိုလည်း ဆယ်ခါပြန်ပေးဝံ့သည်။ ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ ကြုံတွေ့ဖို့အခွင့်အရေးမရလည်း ကိစ္စမရှိ။ ခရီးဆုံးသည်အထိ ဆက်လျှောက်ဖို့ သန္နိဌာန် ချခဲ့ပြီးသား။
'ငါလေ...အခုဘဝတောင်မှ အနာဂတ်က မရေရာတဲ့အခြေအနေမှာ နောက်ဘဝဆိုတာကြီးကို မယုံတော့ဘူး၊ တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ ငါမသေသေးရင် အမေ့အိမ်ပြန်ပြီး အိပ်ပစ်ချင်တယ်ကွာ... ငါက အိမ်မှာဆို အမေဘယ်လောက်ဆဲဆဲ ဆူဆူ မနိုးဘူး၊ ဆဲရတဲ့အမေပဲ မောသွားမယ်... ငါက အိပ်ကောင်းတုန်းပဲ... ဘုရားစူး ငါ့ရည်ရွယ်ချက်က ဘာအပူအပင်မှမရှိဘဲအိပ်ရပြီး အမေ့ဆူသံဆဲသံနဲ့ နိုးထရဖို့ပဲ...'
ပွတ်ချွန်းစကားကြောင့် သာဂိရင်ထဲ ဆို့နင့်သွားသည်။ သူ့ရည်ရွယ်ချက်ကလည်း ပွတ်ချွန်းနှင့်ထပ်တူဖြစ်၏။ အိမ်နှင့်အဆက်အသွယ်မရခဲ့တာကြာပြီမို့ အဖေတို့အမေတို့ အဆင်ပြေရဲ့လား ကျန်းမာရဲ့လားဟု တွေးပူမိသည်။ အနားယူချိန်မှာ ဖုန်းပြောခွင့်ရတိုင်း 'သားပဲ မသေအောင်နေ၊ ကျန်းမာရေးဂရုစိုက် ၊ အမေတို့အတွက် ဘာမှမပူနဲ့ နောက်ဆံမတင်းနဲ့...'ဟု တဖွဖွမှာ၍ မေတ္တာပို့တတ်သည့်အမေ့အသံလေးကို လွမ်းဆွတ်မိသည်။ ပွတ်ချွန်းလည်း သူ့လိုပဲ အိမ်လွမ်းနာကျနေရှာလိမ့်မည်။ သူ ကိုယ်ချင်းစာနာစိတ်ဖြင့် ပွတ်ချွန်းပခုံးကိုဖိဆုပ်၍...
'ငါလည်း မင်းလိုပါပဲပွတ်ချွန်းရာ... ငါတို့ တစ်သက်လုံးစိတ်မကူးဖူးတဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ရတယ်၊ ဆင်းရဲကျပ်တည်းတဲ့အခြေအနေတွေကို တောင့်ခံခဲ့ရတယ်၊ တိုက်ပွဲတွေအများကြီးနွှဲခဲ့ရပြီးပြီ...အခက်အခဲတွေအများကြီး ကြုံခဲ့ရပြီးပြီ...အခုချိန်ထိ အသက်ရှင်နေတုန်းပဲ...မင်းရော ငါရော ပြီးတော့ ဆရာသောတို့ ကိုမိုးငွေ့တို့ ဖိုးကွင်းစခန်းတစ်ခုလုံးကလူတွေအားလုံး ဒီလမ်းခရီးကို အတူကျော်ဖြတ်နေကြတာ... မင်း စိတ်ဓာတ်ကျစရာမလိုဘူးနော်...'
သာဂိက တည်ကြည်သည့်မျက်နှာဖြင့် အပြုံးအရယ်မဲ့ နှစ်သိမ့်ပေးသည်။ ပွတ်ချွန်း မောလျမွန်းကျပ်မှုတွေကို သက်ပြင်းတစ်ချက်နှင့်ထုတ်လွှတ်လိုက်ပြီး လက်သီးဆုပ်ကို ရှေ့တိုးပေးလျှင် သာဂိက လက်သီးပြန်ဆုပ်ကာ လက်သီးချင်းတိုက်၍ ရှိတ်လုပ်လိုက်သည်။
'ငါတို့မှာ ငါတို့ပဲရှိတယ်...'
'တရားမျှတမှုကို အမှန်တကယ်လိုလားတဲ့သူတွေ၊ ဓမ္မဘက်တော်သားပြည်သူတွေလည်း ငါတို့ဘက်မှာ ရှိနေပါသေးတယ်...'
'အေးပါ...'
အေးပါ ဆိုသည့်အသံက အားမပါဘဲ လေသံမျှသာ ထွက်လာ၏။ သာဂိက အားမလိုအားမရ မျက်မှောင်ကြုတ်ကြည့်၍...
'မင်းကလည်း တက်တက်ကြွကြွနေစမ်းပါ... စိတ်ညစ်လည်း ခဏပဲပေါ့... အခုလည်း မင်းတစ်ယောက်တည်းရေခပ်နေတာမဟုတ်ဘူး... မင်းဘေးမှာ ငါရှိနေသေးတယ်လေ... ဘာလုပ်လုပ် ဘယ်သွားသွား တစ်ယောက်တည်းလို့ မတွေးနဲ့...'
ပွတ်ချွန်းပခုံးကို ဆွဲလှုပ်ယမ်းခါ၍ မိုတီဗေးရှင်းစပီကာလုပ်နေသဖြင့် ပွတ်ချွန်းက မျက်လုံးထောင့်ကပ်၍ ခပ်စွေစွေကြည့်သည်။
'မောင်တစ်ယောက်လုံး ဘေးမှာရှိနေရင် အရာရာပြည့်စုံနေပါပြီ...'
'ဟ...ခွေးသူတောင်းစား...အဲလိုပြောရင် ငါ ကြက်သီးထပါတယ်ဆိုမှ...'
သာဂိ တစ်တစ်ခွခွဆဲ၍ ဝုန်းခနဲထရပ်သည်။ ပွတ်ချွန်းက မျက်နှာရူးပီသစွာ စပ်ဖြီးဖြီးလုပ်နေကာ...
'ရှက်မနေပါနဲ့မောင်ရာ... ငါ့ရဲ့အပြောလေးတွေကို ကျိတ်ရင်ခုန်နေတာ မသိရင်ခက်မယ်...'
'မင်းပြောလေ ကဲလေပါလား...ပြောချင်ဦး... ကိုင်းဟာ...'
သာဂိ ရှက်ရှက်နှင့်ဒေါသူပုန်ထလျက် ပုဆိုးစမြှောက်၍ ပွတ်ချွန်းတင်ပါးကို ဖနောင့်နှင့်ဆောင့်ကန်သည်။ ပွတ်ချွန်းကိုယ်ကြီး ရေကန်ထဲ ဗွမ်းခနဲပစ်ကျသွားကာ ကန်ရေပြင်က လှိုင်းကြက်ခွပ်သဏ္ဍာန် ဂယက်ထသွား၏။ ပွတ်ချွန်းတစ်ကိုယ်လုံး ရေတွေစိုရွှဲကာ ရေဖြည့်ထားသည့်ရေပုံးတွေပါ ရေစပ်မှ တဗုန်းဗုန်းလိမ့်ဆင်းလာသဖြင့် ရေထဲမှာ ယက်ကန်ယက်ကန်ကူးခတ်၍ ရေပုံးဆယ်ရတော့သည်။
'ရေပုံးတွေပါ ပြုတ်ကျကုန်ပြီ သာဂိရာ...လာကူသယ်ဦး...'
'မသယ်ဘူး...မင်းဟာမင်းသယ်...'
'မင်းထက်သာ...'
ပွတ်ချွန်း စိတ်တိုလာတိုင်း သာဂိနာမည်ကို ဤသို့အစအဆုံးခေါ်တတ်လေသည်။
'မင်း သယ်မှာလား မသယ်ဘူးလား...'
'မသယ်ဘူး...သက်ကင်း...'
သာဂိ ဘူးခါ၍ လက်ထောင်ပြကာ ရေစပ်မြက်ခင်းပြင်မှာ ဆောင့်ကြောင့်ထိုင်နေသည်။ ပွတ်ချွန်းက ခါးထောက်၍ မျက်စောင်းချီလျက်...
'မသယ်ဘူးဆို မင်း ငါ့ကိုကြိုက်နေပါတယ်လို့ ငါ အကုန်လုံးကို လိုက်ပြောမှာနော်...'
'ပြောစမ်းပါ...ပြောလိုက်စမ်းဘာ... မင်းက အရှက်မှမရှိတာ...'
သာဂိက ခဲလုံးသေးသေးလေးတွေနှင့်လှမ်းပေါက်ရင်း လျှာထုတ်ပြောင်ပြသည်။ ပွတ်ချွန်းက ခဲလုံးတွေကို ရေပုံးနှင့်ကာ၍ ရှောင်တိမ်းရင်း အနောက်ဘက်ဆီမှလျှောက်လာသည့်စိန်ကတုံးကို မြင်သွားသည်။ သာဂိက ကျောခိုင်းထားသဖြင့် စိန်ကတုံးလာနေတာကို သတိမထားမိချေ။ ပွတ်ချွန်း အကြံကြီးကြီးနှင့် နှုတ်ခမ်းတွန့်ပြုံးလိုက်ပြီး...
'အာဘွားပေးလို့ပြောနေတာကို အချိုးတွေပြောင်းနေတယ်နော် မောင်... ရက်စက်တယ်အရမ်းပဲ...'

YOU ARE READING
Write Your Own History
Romanceကျွန်တော်၏အသက်နှင့်ခန္ဓာအား ဤရွာအတွက်အပ်နှင်းပါသည်။ ကျွန်တော့်ပခုံးထက်သို့ လွှဲပြောင်းယူခဲ့သော တာ၀န်နှင့်၀တ္တရားတို့အတိုင်း ဤရွာ၏ကောင်းကျိုးကိုရှေးရှု၍ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဦးလည်မသုဥ် ကျေပွန်စွာ...