အခန်း ၈

387 38 0
                                    

သူ ဘယ်သူလဲ?

ဘာသာပြန် - Zeus

အခန်း (၈)

ယန်မိသားစုသည် ယနေ့တွင် သူတို့၏ တံခါးများကို ပိတ်ထားကာ မည်သည့် ဧည့်သည်မျှကို လက်မခံခဲ့ချေ။

ယန်မိသားစုထံသို့ ၎င်းတို့၏ မိတ်ဆွေများစွာတို့ လာလည်ပတ်ကြသည့်တိုင် သူတို့အားလုံးမှာ တံခါးဝမှာပင် ဝင်ခွင့်ရဖို့ အငြင်းဆိုခံခဲ့ကြရလေသည်။ထိုလုပ်ရပ်ကြောင့် လူအများသည် ယန်အိမ်တော်၌ တခုခုဖြစ်နေပြီဟု ထင်သွားကြတော့သည်။

ဖြစ်နိုင်တာက အရေးကြီးပုဂ္ဂိုလ်တယောက်ယောက်များ ရောက်နေလို့များလား

ထိုအချိန်တွင် ယန်မိသားစု၏ ယန်ဟောင်ခန်းမတွင် ယန်ပါးထောင်အပါအဝင် ကျန်ရှိသော အကြီးအကဲများသည် လွန်စွာရိုသေသော အမူအရာနှင့် မတ်တပ်ရပ်နေခဲ့ကြတော့သည်။သူတို့မှာ လွန်စွာ အရှိန်အဝါကြီးသော ဧည့်သည် တယောက်နှင့်တွေ့နေသည့်အလားပင်။

"ကျေးဇူးပြုပြီး ထိုင်ပါဦး။ခင်ဗျားတို့အားလုံးက မထိုင်ပဲ မတ်တပ်ရပ်နေတာက ကျုပ်ကို နေရထိုင်ရ အရမ်းခက်စေတယ်"

ထိုသို့ ပြောလိုက်သူမှာ မနေ့ညက ချန်ထင်မြို့ငယ်လေး၌ ပေါ်လာသော သက်လတ်ပိုင်းအရွယ် တာအိုသခင်ပင် ဖြစ်လေသည်။လက်ရှိအချိန်၌ သူသည် ခြေတဖက်ကို ခုံတလုံးပေါ်တွင် ပစ်တင်ထားပြီး လက်ထဲ၌လည်း ငှက်ပျောသီးတလုံးကို ကိုင်ထားလေ၏။သူက ထိုငှက်ပျောသီးကို စားရင်းနှင့် ကျန်သူများကို ပြောလိုက်ခြင်းပင် ဖြစ်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့" လူတိုင်းသည် တညီတညွတ်တည်း ပြောလိုက်ပြီး အလျင်အမြန်ပင် ထိုင်ချလိုက်လေ၏။

"မူဟိုင်ဖုန်းတောင်သခင် ရောက်လာမယ်ဆိုတာ မသိလို့ ကျုပ်တို့က ကြိုဆိုဖို့အတွက် ဘာမှ မပြင်ဆင်ထားမိလိုက်ဘူး။အဆင်မပြေဖြစ်စေမိရင် တောင်းပန်ပါတယ်"

ယန်ပါးထောင်မှ တရိုတသေနှင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

ယနေ့မနက်တွင် ယန်ပါးထောင်သည် သူတို့ ယန်မိသားစုထံသို့ တောင်ထိပ် ၃၆ ခုမှ တခု အပါအဝင်ဖြစ်သော မူဟိုင်ဖုန်းတောင်ထိပ်သခင် ရောက်လာသည်ကို သိလိုက်ရခြင်းဖြစ်လေသည်။

သူ ဘယ်သူလဲWhere stories live. Discover now