Part 1 (U/Z)

2K 72 18
                                    

ကံ့ကော်ဆောင် ...

အဖြူအစိမ်းဝတ် ကျောင်းသားတို့၏ ဆယ်ကျော်သက်အရွယ် အမှတ်တရပေါင်းများစွာ ... ၊ ကြည်နူးမှုပေါင်းများစွာ ... ၊ ရယ်မောသံပေါင်းမျာစွာ ... ၊ ငိုရှိုက်သံပေါင်းများစွာက ရနံ့ပုံရိပ်အဖြစ် ကိန်းအောင်းကာ ခံစားမှုအဖုံဖုံ စွဲထင်နေသော နှစ်ထပ်ကျောင်းဆောင်ကြီး ... ။ နှစ်အလီလီ ပြောင်းလဲသည့်တိုင် လှပသစ်လွင်မှုကို အတိုင်းသားမြင်နေရသော်လည်း အတိတ်နှင့်ဆက်စပ်သော ဟောင်းနွမ်းသည့် ခံစားချက် တချို့က ထိမ်ချန်၍ မရအောင် ပေါ်လွင်နေသည်။ မြို့ငယ်လေး၏ တစ်ခုတည်းသော အထက်တန်းကျောင်းဖြစ်သည့် အ.ထ.က (၁) ကျောင်းဝင်းအတွင်းတွင် တည်ရှိနေသော ဤကျောင်းဆောင်ကြီးသည် အရွက်ဝေဆာသည့် ကံ့ကော်ပင်ကြီးများ၏ အုပ်ဆိုင်းမှုဖြင့် ဆိတ်ငြိမ်လျက်ရှိပေသည်။

ဤကျောင်းဆောင်ကြီးတွင် လူငယ်ပေါင်းများစွာ ခေတ္တမျှ လာရောက်နားခိုကြဖူးပါ၏။ ပျော်ရွှင်ကြဖူးပါ၏။ ကြည်နူးကြဖူးပါ၏။ ကျောင်းသားတို့၏ ချစ်တေးကို သီကြူးသည့် ဇာတ်လမ်းများ၏ အစပျိုးသည့်နေရာဖြစ်ခဲ့သလို လွမ်းတေးကို ဖွဲ့သီသည့် နေရာလည်း ဖြစ်ခဲ့ပြန်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်အတန်ကြာ၍ ပညာရည်ပြည့်ဝသောအခါ ကျောင်းဆောင်ကြီးကို ကျောခိုင်းထားခဲ့ကြပြန်ပါသည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသကဲ့သို့ပင် ကျောင်းဆောင်ကြီး၌လည်း ကျောင်းသားဟောင်းတို့ ပြောင်းရွှေ့လေသော် ကျောင်းသားသစ်တို့ ဝင်ရောက်လာကြမြဲပင် ... ။

မြောက်ပြန်လေသည် တစ်ချက် ဝှေ့၍ တိုက်ခတ်လိုက်သောအခါ ကျောင်းဆောင်ကြီး၏ ကျောဘက်မှ ကံ့ကော်ရနံ့များသည် ကျောင်းခန်းအတွင်းသို့ ထုံသင်းကြိုင်လှိုင်စွာ ဝင်ရောက်လာလေသည်။ အထူးသဖြင့် အပေါ်ထပ်တွင်ရှိသော စာသင်ခန်းများက ကံ့ကော်နံ့ကို ပို၍ ရတတ်သည်။ ယခုအချိန်တွင်တော့ သင်းပျံ့လာသော ကံ့ကော်ရနံ့ကို အခန်းအတွင်းရှိ မည်သည့်ကျောင်းသားကမှ အာရုံမစိုက်နိုင်ကြပါ။ အကြောင်းမှာ စာသင်ခန်းအတွင်းရှိ ကျောင်းသားများသည် လပတ်စာမေးပွဲကို အသည်းအသန် ကုန်းရုန်း၍ ဖြေဆိုနေကြသောကြောင့် ဖြစ်ပါသည်။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now