Part 8 (U/Z)

510 27 9
                                    

နွေးထွေးစွာ ဆီးကြိုမည့်သူမရှိသော ကျောင်းသားတစ်ယောက်၏ အိမ်ပြန်ချိန်များသည် အထီးကျန်မှုကို ရင်ထဲတွင်မျိုသိပ်ရင်း တိတ်ဆိတ်မှုကို အဖော်ပြုစေကာ ခြေလှမ်းတို့ကို နှေးကွေးစေသည်။ စက္ကူပန်းရုံကြီး အုပ်မိုးထားသော ဆင်ဝင်လေးအောက်တွင် ဝါကျန့်ကျန့်မီးရောင်လေး ထိန်ထိန်လင်းလျက်ရှိသည်။ ကျွန်တော် ခြံဝတွင် ခေတ္တရပ်နေပြီးမှ ခြံတံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်ဖြစ်သည်။ တိတ်ဆိတ်မှုကို တွေ့ကြုံရသောအခါ လွမ်းဆွတ်မှုသည် ရင်ထဲသို့ လာရောက်ရိုက်ခတ်စေပါသလား။ ကျွန်တော် အိမ်ထဲသို့ မဝင်ဘဲ အပြင်ဘက်ရှိ ခုံတန်းပေါ်တွင် ထိုင်လျက်ငေးမောနေမိသည်။

သစ်သားခုံတန်းလေးကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ထိတွေ့ကြည့်သည့်အခါ ငယ်ဘဝက အမှတ်တရများ လက်မှတစ်ဆင့် နှလုံးသည်းပွတ်သို့ စီးဝင်လာလေ၏။

ဟိုး ... လွန်ခဲ့သည့် ဆယ်စုနှစ်များဆီတုန်းက ပူပင်စရာဆိုသည်ကို မသိနားမလည်သည့်ကလေးငယ်တစ်ယောက်သည် သူ့အမေ ပေါင်ပေါ်တွင် ခေါင်းအုံးလျက် ဤခုံတန်းကလေးကနေ လမင်းကြီးကို ငေးမျှော်ကြည့်ခဲ့ဖူးသည်။ မေမေပြောပြသော ပုံပြင်များကို စိတ်ဝင်တစား နားထောင်ခဲ့ဖူးသည်။ မေးခွန်းတွေ ပြန်ထုတ်ခဲ့ဖူးသည်။

ညစဥ်ညတိုင်း မေမေက ပြောပြနေကျ 'ဝါးပင်ပေါက်လေး'ပုံပြင်ကို ထပ်တလဲလဲ ပြောပြသော်လည်း မရိုးတမ်း နားထောင်ခဲ့ဖူးသည်။ 

"အဲ့ဒါဆို သူက ဝါးပင်ထဲကနေ ထွက်လာတာပေါ့"

"ဒါပေါ့ ... "

မေမေက ကျွန်တော့် ခေါင်းလေးကို ဖွဖွ ပွတ်သပ်လျက် အသံအေးအေးလေးဖြင့် ပြောပြတတ်သည်။ ကျွန်တော့် မျက်ဝန်း၌ မျက်ရည်များ စိမ့်အိုင်လာတော့၏။ တဆက်တည်းပင် ဦးလေးအောင်၏ စကားသံများက ကျွန်တော့်နားဝသို့ လာရောက်ရိုက်ခတ်လာသည်။

"မင်းမေမေက သူများသတ်လို့ သေတာ သားရ၊ တာဝန်မသိတတ်တဲ့လူကြောင့် ... သူသာ ထွက်မပြေးခဲ့ရင်၊ တာဝန်သိစိတ်နဲ့ ဆေးရုံကိုသာ ပို့ပေးခဲ့ရင် သား အမေသေမှာ မဟုတ်ဘူး"

၁၂ နှစ်သားတစ်ယောက်အတွက် အပြည့်အဝနားမလည်ခဲ့သော်လည်း ရင်ထဲတွင် ကျောက်စာထွင်းထားသလို စွဲမြဲနေအောင် မှတ်သားထားခဲ့သော စကားသံများ ... ။ ကမ္ဘာပျက်ခဲ့ရသော နေ့စွဲများ ... ။ ၁၂ နှစ်သားတစ်ယောက်အတွက် လောကဓံ၏ ရိုက်ချက်ပြင်းပြင်းကို အလူးအလဲ ခံခဲ့ရသော အချိန်များ။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now