Part 5 (U/Z)

588 39 17
                                    

မနက်ခင်းနေရောင်သည် သာမန်အထက် အပူရှိန်ပြင်းစွာ ဖြာကျနေသဖြင့် ပတ်ဝန်းကျင်သည် သစ်လွင်စွာ လှပနေသည်။ အ.ထ.က (၁) ဟူသော အစိမ်းရောင် ဆိုင်းဘုတ်ကြီးမှာလည်း နေရောင်အောက်တွင် ထင်းနေ၏။ ဆိုင်းဘုတ်ကြီး၏ ဘေးဝဲယာရှိ မယ်ဇလီပင်ကြီးများမှ အဝါရောင် ပွင့်ဖတ်များသည် လေအဝှေ့တွင် တဖျောဖျော တသောသော လွင့်မျော ကြွေကျနေကြပါသည်။ တချို့သော ပွင့်ဖတ်များသည် မြေပြင်ပေါ်သို့ တိုက်ရိုက်လွင့်စင်မကျဘဲ ဆိုင်းဘုတ်ကြီး၏အပေါ်တွင်သာ တင်ကျန်လျက် မြောက်ပြန်လေ တိုက်ခတ်သောအခါမှ ဖွားခနဲ လွင့်ကျလာတတ်လေသည်။ ကျွန်တော်တို့ ကျောင်းသားများက ထိုပွင့်ဖတ်ကြွေလေးများ မတော်တဆ ကိုယ်အပေါ်သို့ လွင့်စင်ကျလာလျှင် ကံကောင်းတတ်သည်ဟု ယူဆကာ စာအုပ်ကြားတွင် သိမ်းထားရသည်မှာလည်း အမောပင်ဖြစ်သည်။ ကျောင်းသားဘဝရဲ့ ချစ်စရာ အမှတ်တရလေးတွေပေါ့ ... ။

ကျွန်တော်သည် စက်ဘီးခြေနင်းပေါ်မှ မြေပြင်ပေါ်သို့ ခြေ,ထောက်ပြီး စက်ဘီးကို ရပ်လိုက်သည်။ စက်ဘီးကလေးမှာ လျှောခနဲ အသံမြည်ပြီး ရပ်သွား၏။ နောက်ခုံတွင် ထိုင်နေသော မမက အနည်းငယ် ယိုင်သွားပြီး ကျွန်တော့် ကျောပြင်နှင့် မမပါးပြင် ဝင်တိုက်သည်။

"ဟဲ့ ... ဒီကောင်လေး"

မမက စက်ဘီးနောက်ခုံပေါ်မှ ဆတ်ခနဲ ခုန်ဆင်းလျက် ကျွန်တော့်နားရွက်ကို ဆွဲလိမ်သည်။

"အား ... နာတယ်၊ မမရ"

"သွားပြီ ... ၊ နင် စာကိုဂရုစိုက်နော်"

ကျွန်တော် ဝတ္တရားအရ ခေါင်းညိတ်ပြလိုက်ရသည်။ ဂရုစိုက်ရတယ်ဆိုတာ ဘယ်လောက် ပျင်းဖို့ကောင်းတဲ့ အလုပ်လဲ။ ကျွန်တော် ခပ်ချဥ်ချဥ်တွေးပြီး စက်ဘီး ဒေါက်ကို ထောက်လိုက်၏။ ထို့နောက် တစ်ဘက်သို့ လှည့်ကာ အတန်းဘက်သို့ သွားရန် ခြေလှမ်းပြင်လိုက်ချိန်တွင် ကျွန်တော့်အရှေ့တည့်တည့်သို့ ချဥ်းကပ်လာသော စက်ဘီးတစ်စီးကို တွေ့လိုက်ရသည်။

ကိုကိုလေး ... ။

ကျွန်တော် နေရာမှာပင် ဘောင်းဘီဘေးအိတ်တွေထဲသို့ လက်နှိုက်လျက် ရပ်ကြည့်နေမိသည်။ ကိုကိုလေးက ကျွန်တော့်ဆီသို့ အပြေးတစ်ပိုင်းနှင့် လျှောက်လာသည်။ သို့သော် ကျွန်တော့်ဆီ မရောက်မီ လမ်းတဝက်မှာပင် မိန်းကလေးတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သဖြင့် သူ့ ခြေလှမ်းတွေ ရပ်သွားသည်။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now