မနက်ခင်းသည် နှင်းမှုန်တို့ဖြင့် စိုထိုင်းနေ၏။ ပတ်ဝန်းကျင်သည် နှင်းငွေ့များ ဝေ့ပျံလျက် မှုန်ရီဆိုင်း၍ မှိုင်းနေသည်။ ရေခဲငွေ့ပါသောလေကလည်း အရိုးကွဲမတတ် အေးစိမ့်အောင် အရပ်လေးမျက်နှာမှ တိုက်ခတ်နေသည်။ ကျွန်တော် ဟားခနဲ ပါးစပ်ဟ လိုက်သောအခါ အဖြူရောင် အခိုးအငွေ့များ ပါးစပ်ထဲမှ အလိပ်လိုက် ထ,ပျံသွားကြသည်။ ခြေလှမ်းတို့ကို ခပ်သွက်သွက် လျှောက်လှမ်းလာရင်းမှ ဦးလေးအောင်တို့ အိမ်ရှေ့သို့ ရောက်သောအခါ တုန့်ခနဲ ရပ်ပစ်လိုက်ပြီး ခြံတံခါးမှ လူခေါ်ခေါင်းလောင်းကို လှုပ်ယမ်းလျက် အသံပေးလိုက်သည်။
ခဏအကြာ၌ အိမ်ထဲမှ မမ ပြေးထွက်လာပြီး ကျွန်တော့်ကို တံခါးဖွင့်ပေးသည်။
"ဟယ်... မော်ကွန်း၊ အစောကြီးပါလား"
"ဟုတ်တယ် မမ၊ လမ်းလျှောက်ရင်း လှည့်လာတာ... မမတို့အိမ်မရောက်တာ ကြာလို့"
မမက ခြံတံခါးကို အဆုံးထိ ဆွဲဖွင့်ပေးလိုက်တော့ ကျွန်တော် အိမ်ထဲသို့ ခပ်မြန်မြန် ဝင်လိုက်ရင်း အေးလွန်းသောကြောင့် တစ်ချက် ညဥ်းလိုက်မိသည်။
"ဖေဖေ မနိုးသေးဘူး"
"ဪ ... ကောင်းတာပေါ့၊ ကျွန်တော် မမကို မေးစရာရှိတာနဲ့ အတော်ပဲ"
ခြံတံခါးလေး၏ ဘယ်ဘက်ရှိ ခုံတန်းလေးနံဘေးတွင် ကျွန်တော် အမျိုးအမည် မသိသော ပန်းများ လှပစွာ ဖူးဝေလျက် တချို့လည်း နှင်းငွေ့ရိုက်၍ စိုထိုင်းနေသည်။ မမက ခုံတန်းလေးတွင် ဝင်ထိုင်လိုက်သောအခါ ကျွန်တော်လည်း အိမ်ထဲသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး မမဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် မမကို ကျွန်တော် သိချင်သည်ကိုပင် ချက်ချင်း တန်းမေးလိုက်၏။
"ဟိုတနေ့က ရန်ဖြစ်ကြတယ်ဆို မမ၊ ဘာဖြစ်တာလဲ"
မမက ကျွန်တော့်ကို မကြည့်ဘဲ မျက်လွှာချလျက် သက်ပြင်းလေးတစ်ချက် ခပ်လေးလေးချကာ "ဟုတ်တယ်"ဟု မှိန်ဖျော့ဖျော့ ဖြေလေသည်။
"ဘာဖြစ်ကြတာလဲ"
"ဖေဖေနဲ့ မေမေနဲ့ စကားများကြတာပါ၊ သိပ်မထူးဆန်းပါဘူး၊ ခုနောက်ပိုင်း ဖြစ်နေကြပဲလေ"
YOU ARE READING
ကြယ်ပြာလေးသို့ တီးတိုးပြောသံ
Romanceမော်ကွန်းတေးဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ချစ်ခြင်းတရား...။