Part 21 (U/Z)

504 21 5
                                    

သီပေါတွင် နားနားနေနေ တစ်ပတ်လောက်ကြာအောင် နေမည်ဟု စိတ်ကူးထားခဲ့သော်လည်း ရုတ်တရက် ဖေဖေ့၏ အလုပ်ကိစ္စ ပေါ်ပေါက်လာသဖြင့် သုံးရက်သာနေခဲ့ရပြီး အလျင်စလို ပြန်ခဲ့ရလေသည်။ ရခဲ့သည့် အချိန်သုံးရက်ကို ကိုကိုလေးနှင့် ကျွန်တော်ကတော့ ကောင်းကောင်း အသုံးချခဲ့သည်ဟု ဆိုရမည်။ သီပေါ်မြို့ကို နှံအောင် စက်ဘီး ပတ်စီးကြသည်။ မနက်မိုးလင်းသည်မှ နေဝင်သည်အထိ ခြေတိုအောင် မနားတမ်း လျှောက်သွားကြသည်။ လမ်းမှားမှာ၊ မျက်စိလည်မှာတော့ ပူစရာမလိုပါ။ ကိုကိုလေးက သီပေါတွင် ၂ နှစ်လောက် နေခဲ့ရသူဖြစ်၍ သီပေါရှိနေရာစုံကို ကျွမ်းလေသည်။ အမှတ်ရစရာတွေကတော့ များစွာ ရှိခဲ့လေ၏။ ကိုကိုလေးနှင့်အတူ ပထမဆုံးအကြိမ် ထွက်ဖူးသည့်ခရီးလည်းဖြစ် ကျွန်တော့်အတွက် မရောက်ဖူးသော ဒေသစိမ်းကို ရောက်ရသည်လည်း ဖြစ်တာကြောင့် စိတ်လှုပ်ရှားမှုမှာ အနိမ့်အမြင့် ဒီဂရီမှန်း၍ မရအောင် အံသြမှုဖြင့် လှိုက်လှဲနေအောင် ပျော်ရွှင်ရသည်။

အပြန်ခရီးလမ်းသည်လည်း မျက်စိမလွှဲနိုင်လောက်အောင် ဘေးဝဲယာတွင် စိမ်းလန်းနေသော အပင်များ၊ တောင်တန်းများဖြင့် မှုန်ရီစွာ လှပနေသည်။ နေကြာရိုင်းတွေကို တပြန့်တပြောကြီး တွေ့လိုက်ရစဥ်က ကျွန်တော့်မှာ တစ်ခဏတာ မိန်းမောသွားပြီး ဘာမှမပြောနိုင်ဘဲ အကြာကြီး ငေးနေခဲ့မိသည်။ ကိုကိုလေးက ဖေဖေ့ကို ကားခဏရပ်ပေးဖို့ပြောပြီး ကျွန်တော့်လက်ကို ဆွဲကာ ကားထဲမှ ပြေးထွက်သည်။ နေကြာခင်းထဲရောက်တော့ ကျွန်တော့်ခေါင်းပေါ် ဦးထုပ်ဝိုင်းလေးတင်ပေးပြီး သူ့လက်ထဲမှ ကင်မရာဖြင့် ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ ရိုက်လေ၏။ မျက်စိမြင်ကွင်းအဆုံးနှင့် မိုးကုပ်စက်ဝိုင်းဆုံရာ ဟိုးအဝေးတစ်နေရာအထိ နေကြာရိုင်းတွေက ပင်လယ်ပြင်ကြီးလို...။ ကျွန်တော်နှင့် ကိုကိုလေး ထိုနေကြာခင်းကြီးထဲတွင် ပြေးရင်း လွှားရင်း ရယ်မောပျော်ရွှင်ခဲ့ကြသေးသည်။

ဟိုး... တောင်ထိပ်ဖျားတွေဆီမှာ ဝေ့လည်နေသော တိမ်ခိုးတွေကို မြင်ရတော့လည်း သဘောတကျ ငေးမိပြန်သည်။ အဲ့ဒီအချိန်တုန်းက စိတ်ထဲမှာ သောကဆိုလို့ မြူတစ်မှုန်စာတောင် နေရာမရှိသလိုပဲ။ အကုန်လုံးကို မေ့မေ့လျော့လျော့နဲ့ နေနိုင်ခဲ့၏။

ကြယ်ပြာလေးသို့ တီးတိုးပြောသံNơi câu chuyện tồn tại. Hãy khám phá bây giờ