အခန်း ၃၁ မှ ၃၅ ။

1.8K 158 5
                                    

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝ:
အခန်း ၃၁ ။
 
လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ ကြက်ဥထမင်းကြော်ကတော့ ပထမဆုံးတစ်လုတ်တွင် ပူပူနွေးနွေးနှင့် အရသာရှိလှသည်။ ထမင်းစေ့လေးများကပင် နူးညံ့ပြီး ချောမွေ့လှသည်။ ထမင်းစေ့ နှစ်စေ့ သုံးစေ့လောက်က ကြက်ဥဖက်လေးများနှင့် ကပ်နေသည်။ ထမင်းကြော်ထဲမှ ဝက်ဆီအနံ့လေးကလည်း ဆွဲဆောင်နေလေ၏။ ထိုထမင်းကြော်က ဆာလောင်နေသော လူတစ်ယောက်၏ ဆာလောင်မှုကို ကျေနပ်သွားစေနိုင်ပါသည်။
 
ကြက်ဥ၏ ကြွပ်ရွမှုနှင့် ဝက်သား၏ မွှေးပျံ့မှု အနံ့အရသာတို့က ဟဲ့စုန်ပိုင်၏ အင်္ကျီမပါသော ရှက်ရွံမှုကို ခဏတာ မေ့သွားစေနိုင်သည်။ ကျောက်လန်ရှန်း၏ ဟင်းချက်လက်ရာကောင်းသည့်အလျောက် ဆာလောင်နေသော ဟဲ့စုန်ပိုင်ကလည်း အရသာရှိရှိစားခဲ့သည်။
ဆယ်ကျော်သက်အရွယ်တုန်းက ဆင်းရဲခဲ့သောကြောင့် ကောင်းကောင်းမစားခဲ့ရသဖြင့် ယခုအရွယ်ရောက်သူများထက်ကို နှစ်ဆလောက် စားဖြစ်နေလေသည်။
 
ထမင်းဘူးထဲမှ ထမင်းများ တဖြည်းဖြည်းကုန်လာသည်ကို ကျောက်လန်ရှန်းကကျေနပ်စွာ ကြည့်နေခဲ့သည်။ သူစားနေသောပုံမှာ အငမ်းမရစားသောက်နေသော ပုံစံဖြစ်သည်။
 
ပါးစပ်ထဲတွင်လည်း ပါးလုတ်ပါးလောင်းဖြင့်ပင်။  အသားများစားပြီးသွားလို့ အဆီဖက်ကို ကိုက်လိုက်သောအခါ ကျေနပ်စွာ မျက်လုံးကိုမှိတ်လိုက်သည်။
 
ပိန်သောသူက ဘယ်လိုလုပ် ဒီလောက်တောင် စားနိုင်ရတာပါလဲ။ သူ့ဗိုက်ကဖြင့် သေးသေးလေးပဲကို။
 
သူမ၏ လက်ကလေးများက  ဟဲ့စုန်ပိုင့်ခါးသေးသေးလေးများဆီကို ရောက်သွားခဲ့သည်။ သူမက ဖြူဖွေး​နေသော သူ့ကြွက်သားများကိုထိလိုက်သောအခါ ဟဲ့စုန်ပိုင်က ထမင်းစားနေရာမှ တစ်ချက်တွန့်သွားခဲ့သည်။
 
ကျောက်လန်ရှန်းက တစ်ခါထပ်ထိလိုက်သောအခါ ဟဲ့စုန်ပိုင်က သူ့လက်ကြမ်းကြီးဖြင့် လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။ “လျှောက်ပြီးလိုက်မထိနေနဲ့”
 
အသံက နည်းနည်းတင်းမာသွားပြီးနောက် ရပ်လိုက်သည်။
 
ကျောက်လန်ရှန်းကလည်း ပြန်ပြောလိုက်သည်။ “ရှင်က ဆက်စား။ နောက်တစ်ဗူးထဲမှာစွပ်ပြုတ်ရှိသေးတယ်။ ရှင်က ရှင့်ဘာရှင်စားစရာရှိတာစား။ ကျွန်မကတော့ ကျွန်မဘာသာကျွန်မ ထိစရာရှိတာ ထိရမှာပဲ…”
 
သူမက ပြောပြောနှင့် နီနေသောနားရွက်လေးကို ရှက်ရှက်နှင့်ကိုင်လိုက်ပြီး သူ့ကို နမ်းရန်ဂရုတစိုက် ငုံ့လိုက်သည်။
 
ကျောက်လန်ရှန်း၏ သိမ်မွေ့သော အသံလေးက ပျော်ရွှင်မှုများကို ယူဆောင်လာသယောင်။
 
ဟဲ့စုန်ပိုင်၏ အထိမခံသော လည်ပင်းက နူးညံ့သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး ခေါင်းက ဗလာဖြစ်သွားခဲ့သည်။ ကျောက်လန်ရှန်းက သူရုတ်တရက် ဘာမှဆက်မစားတော့ကြောင်း သတိထားမိသွားသည်။ သူ့တစ်ကိုယ်လုံး ကြက်သေ သေသလို ကျောက်တုံးကြီးပေါ်တွင် ရပ်နေသည်။
 

 
ဟဲ့စုန်ပိုင်၏ အပူငွေ့ကို သူမခံစားမိသည်။ သူမခန္ဓာကိုယ်လည်း ရုတ်တရက်ပူလောင်လာသည်။ သဲကန္တာရထဲတွင် ရက်အတော်ကြာအောင် လှည့်ပတ်သွားလာခဲ့ရသော ရေငတ်နေသူတစ်ယောက်လို အသံကလည်း အက်ကွဲနေသည်။ “လန်ရှန်း”
 
ကျောက်လန်ရှန်းက သူမလက်သေးသေးလေးကို သူ့ခါးပေါ်သို့ တင်လိုက်သောအခါ သူက ထရပ်လိုက်သည်။ ထမင်းပန်းကန်ကော ဟင်းရည်ပန်းကန်များကော သူ့ပေါ်မှောက်ကျကုန်သည်။ လေးမှ လွှတ်လိုက်သော မြှားတစ်ချောင်းအသွင် သူ ရုတ်တရက် ထွက်ပြေးသွားခဲ့သည်။
 
ကျောက်လန်ရှန်းကလည်း ရှုပ်ရှတ်ခတ်နေသော မြေပြင်ကို အံ့ဩမှုများဖြင့် ကြည့်နေခဲ့သည်။ ရုတ်တရက်ဖြစ်သွားသောကြောင့် သူမလည်း နားမလည်ပဲ မိုင်တွေနေသည်။
 
“ဒါ…ဒါ ဘာဖြစ်တာလဲ”
 
သူမက ပက်လက်လန်နေသော ပန်းကန်များကို တစ်ချက်ငုံ့ကြည့်လိုက်သည်။
 

 
ဟဲ့စုန်ပိုင်က သူ့တင်ပါးမီးလောင်နေသလိုမျိုး တောင်ကြားထဲသို့ ပြေးသွားခဲ့သည်။ တုန်နေသောလက်ချောင်းများဖြင့် ချွေးများကို သုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံးလည်း ပူလောင်နေသည်။ ငြီးငွေ့စရာကောင်းသောအလုပ်ကြောင့် ရသော ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုသာလျှင် သူ့စိတ်ထဲမှ ထူးဆန်းသောအတွေးများကို ဖယ်ထုတ်နိုင်မည်ဖြစ်သည်။
 
သူက မီးပြင်းဖိုတစ်ခုလို ပူပြင်းနေပြီး ခေါင်းမမော့စတမ်း အလုပ်လုပ်နေသည်။ သူက လယ်ကွင်းထဲမှ ကောက်နှံများကို ဂေါ်ပြားလေးနှင့် အပေါ်အောက်လှန်နေခဲ့သည်။ မကြာမှီတွင် တစ်ကွင်းလုံးမှ ကောက်နှံများ အကုန်ကုန်သွားခဲ့သည်။ ဆရာကု၏ အလုပ်ကိုတောင် သူကူပေးခဲ့သည်။
 
ဆရာကုက နွားတစ်ကောင်လို အလုပ်ကြုံးလုပ်နေသော လူငယ်ပိုင်ကို ကြည့်ပြီးပြောလိုက်သည်။ “ငယ်သေးတာက ကောင်းတာပေါ့။ မင်း အဲ့လိုလုပ်အားနဲ့ဆိုရင် နှစ်တိုင်း အကောင်းဆုံးအလုပ်သမားတောင် ဖြစ်နိုင်တယ်”
 
ဟဲ့စုန်ပိုင်ကလည်း နိမ့်ချသောအသွင်ဖြင့် ပြောလိုက်သည်။ “ကျွန်တော် ဘယ်တော့မှ အလုပ်သမားဖြစ်လာမှာမဟုတ်ဘူး”
 
သူက ပိုကောင်းသော စပါးခင်းကိုတောင် မရပါ။ ကောင်းကောင်းပိုက်ဆံရပြီး ဂုဏ်ရှိသောအလုပ်သမားအဖြစ်လည်း မစဥ်းစားရဲပါ။ အဲ့တာကို ဘယ်လိုကြောင့် မြို့သူ သူဌေးသမီးအကြောင်းကို စဥ်းစားရဲပါမည်နည်း။ ဆရာကုက သက်ပြင်းလေးချကာ အလုပ်သာဆက်လုပ်ခဲ့သည်။
 
သူက အလုပ်လုပ်နေရင်း ပျော်ပျော်ရွှင်ရွှင် သီဆိုလိုက်သည်။ “ဘဝက မင်းကို လှည့်စားရင် စိတ်မညစ်ပါနဲ့။ ဝမ်းမနည်းပါနဲ့။ ကောင်းတဲ့နေ့တွေရောက်လာမယ်လို့ ယုံကြည်နေပါ။”

ပိုင်ဖုမေ့လေး၏ ၁၉၇၀ခုနှစ်ဘဝWhere stories live. Discover now