Part [ 5 ]

1.3K 157 75
                                    

ကောင်းကင်တစ်ခုလုံးမည်းမှောင်ကာ မိုးတွေသည်းကြီးမည်းကြီးချနေတာမို့ ဂယူဗင်ဟာ ကားမောင်းနေရင်းနဲ့ ကားကို လမ်းဘေးချရပ်လိုက်တယ်။ ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေကြောင့် ဂယူဗင်ဟာ ခေါင်းကို ခပ်ကြမ်းကြမ်းဆွဲဖွရင်း စတီယာရင်ကို ထုရိုက်လိုက်တယ်။

ငြိမ်သက်နေတဲ့ကန်ရေပြင်ကို ခဲနဲ့ပေါက်နေသလိုမျိုး Ricky ဟာ ဂယူဗင်ရဲ့ တည်ငြိမ်နေပြီးသားစိတ်ကို အကြိမ်ကြိမ်နှောင့်ယှက်နေတယ်။ ရှန်ချွမ်းရွေ့မရှိတော့ထဲက အေးခဲနေပြီးသား သူ့ခံစားချက်တွေဟာ  Ricky ကြောင့် ပြန်ပြီးပူနွေးလာသလို ဖြစ်လာခဲ့တယ်။

ဂယူဗင်ဟာ နောက်တစ်ကြိမ်ထပ်ပြီးချစ်မိသွားမှာကြောက်တယ်။ ရိုးသားတဲ့အဖြူထည်လေးဆိုပြီး ချွမ်းရွေ့အပေါ် ပုံအပ်ခဲ့သမျှဟာ သစ္စာဖောက်ခြင်းနဲ့အဆုံးသတ်ခဲ့ရတယ်။ အေးဆေးတဲ့ ချွမ်းရွေ့နဲ့တောင် သူက အထားခဲ့ခံရတာ ၊ Ricky လို လူတိုင်းနဲ့ သာမန်ထက်ပိုအရောဝင်ပြီး စိတ်မချရတဲ့သူမျိုးကို ဘယ်လိုယုံကြည်ရပါ့မလဲ။

အခုလည်းကြည့်လေ။ သူ့သိက္ခာကို စော်ကားသလိုဖြစ်သွားလို့ ဂယူဗင်ဘက်က လုပ်သင့်တာထက်ပိုပြီး တောင်းပန်ခဲ့ပေမယ့် ဒီနေ့သူသိလိုက်ရတာဟာ ဘယ်လိုမှနားလည်ပေးလို့မရတဲ့ ကိစ္စတွေပဲ။ ချစ်သူရှိနေတာကိုသိရက်နဲ့ ကြားထဲဝင်တာတွေ၊ ဂယူဗင်ကို သဘောပေါက်လွဲစေမယ့် အပြုအမူတွေနဲ့ ရင်းနှီးပြခဲ့တာတွေဟာ  ဘယ်လိုမှ လက်ခံပေးလို့မရဘူး။

ချွမ်းရွေ့ကလည်း သူရှိနေရက်နဲ့ နောက်တစ်ယောက်နဲ့ ထွက်သွားခဲ့တာ။ ဒါကြောင့် အခုလိုမျက်နှာများတာမျိုးကို ဂယူဗင်က လုံးဝခွင့်လွှတ်မပေးနိုင်ဘူး။

မိုးဟာ စောနကထက် သည်းလာတယ်။ သူ့ကားပေါ်က ဆင်းသွားတဲ့ Ricky ဟာ ထီးလည်းမပါသွားဘူး။

မိုးသည်းထဲ အဆင်မပြေမှာစိုးရိမ်ပြီး ဂရုစိုက်လိုက်ချင်ပေမယ့် ဦးနှောက်က ခွင့်မပြုဘူး။ တကယ်လို့ သူသာ အခုချိန် Ricky ဆီကို ပြန်သွားလိုက်ရင် Ricky ဆီကနေ ဘယ်တော့မှ ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး။

အကြောတင်းလွန်းတဲ့ ၊ မျက်နှာများလွန်းတဲ့ ၊ ဂယူဗင်ကို ခံစားချက်တွေ ရှုပ်ထွေးအောင် လုပ်တတ်လွန်းတဲ့ Ricky ဟာ ဆိုးလွန်းလို့ တစ်ခါလောက်တော့ ပြစ်ထားခဲ့လိုက်ချင်တယ်။

KIM'S Where stories live. Discover now