Chapter 1

535 75 21
                                    

|| Unicode ||

အပိုင်း ၁ - “ငါ့မှာ တစ်ပတ်အတွင်း အချစ်ရေးကိစ္စတစ်ခု ရှိလာလိမ့်မယ်” တင်းကျိက မျက်ခုံးတို့ကို ပင့်လိုက်မိသည်။

ယနေ့ကား နေသာ၊ လေသာ၍ ‌တိမ်ပြာသောနေ့လေးတစ်နေ့ဖြစ်သည်။ ရာသီဥတုက အတော်လေး သာယာ၏။

လင်ဝူယွီသည် ခေါင်မိုးထပ်၏ လက်ရန်းပေါ် မှီလျက် ခေါင်းငုံ့ကာ သူ့မှတ်စုစာအုပ်လေးထဲ၌ စာရေးနေခဲ့သည်။

အနား၌ ဆူညံပွက်လောရိုက်နေ၏။ ခေါင်မိုးထပ်၏ လှေကားနား၌ ကျောင်းသားများနှင့် ဆရာများ စုဝေးနေကြသည်။ ကင်မရာတစ်လုံးက ခေါင်မိုးထပ်၌ စကားပြောနေသော ကျောင်းသူလေးတစ်ယောက်ကို ချိန်ထားသည်။ အောက်မှ လူအုပ်တစ်အုပ်က မော့ကြည့်နေကြ၏။

ဤသည်မှာ ယခုနှစ် ကျောင်းကောင်စီမှ စီစဉ်ပြုလုပ်သည့် နာမည်အကြီးဆုံးအစီအစဥ်ဖြစ်လောက်မည်။

“ငါတို့ကန်တင်းက အစားအသောက်က တအားအရသာရှိတယ်! လုံးဝကို တစ်မြို့လုံးမှာ အကောင်းဆုံးပဲ!”

ကျောင်းသူလေးက အော်ပြောလိုက်သည်။

အောက်မှ လက်ခုပ်ဩဘာသံများ ပဲ့တင်ထွက်လာခဲ့ကြ၏။ လင်ဝူယွီက ခေါင်းငုံ့လျက်သားနှင့် ပြုံးလိုက်မိသည်။

“မှတ်တမ်းချရေးထားဖို့ လိုသေးတာလား”

ကျောင်းကောင်စီ၏ ပြန်ကြားရေးဌာန ဒုဥက္ကဋ္ဌက အနားသို့ လျှောက်လာကာ သူ့ကို မြင်တော့ အံ့အားသင့်သွားလေ၏။

“ကျောင်းကောင်စီက မှတ်တမ်းယူဖို့ လူငှားထားတယ်လေ။ မင်းက ဘာလို့… ငါရော မှတ်တမ်းချရေးထားဖို့ လိုသေးလား”

“ဟမ်?”

လင်ဝူယွီက သူ့ကို မော့ကြည့်လိုက်သည်။

“အာ… နည်းနည်းပါးပါးတော့ ချရေးထားလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ကျောင်းက ဒီလိုအစီအစဉ်မျိုးလုပ်တာ ဒါ ပထမဆုံးအကြိမ်ပဲလေ။ တော်တော်လေး အဓိပ္ပါယ်ရှိတာပေါ့”

လောလောလတ်လတ်မှ ရာထူးလွှဲပြောင်းယူထားသော ဒုဥက္ကဋ္ဌအသစ်လေးသည် သူ့အလုပ်အပေါ်၌ အင်မတန်အလေးအနက်ရှိသည်။ သူ့စကားကိုကြားတော့ ချက်ချင်းပင် ခေါင်းညိတ်၍ သူဆောင်နေကျ မှတ်စုစာအုပ်လေးတစ်အုပ်ကို ထုတ်လိုက်လေ၏။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now