Chapter 11

121 22 0
                                    

|| Unicode ||

အပိုင်း ၁၁ - “ဖရဲသီး ဝယ်မလို့လားဗျ” တင်းကျိက သူ့လက်ထဲမှ ဖရဲသီးအခွံကို ချလိုက်ပြီး မော့ကြည့်ကာ မေးလိုက်သည်။
___________

လင်ဝူယွီသည် လမ်းပေါ်မှ ဤသို့သောမြင်ကွင်းတို့ကို မြင်ရဖန်များနေ၍ ကျင့်သားပင်ရနေပြီးဖြစ်သည်။ ဆိုင်ကယ်တစ်စီး သို့မဟုတ် အစီးရေအနည်းငယ်နှင့် ၁၀၉/၁၁၀ ပုံစံနှင့် လူငယ်လေးအချို့က ဖင်ချထိုင်သူကထိုင်၊ ဆောင့်ကြောင်ထိုင်သူကထိုင်၊ ရပ်သူကရပ်လျက် ဆေးလိပ်သောက်သူကသောက်၊ လက်ထဲ ဘီယာဘူးကိုင်သူက ကိုင်ထားလျက်နှင့်။

အနှီ အလဟဿအချိန်ထိုင်ဖြုန်းကာ ပျင်းစရာရိစရာကောင်းလွန်းလှသည့် စုဝေးခြင်းကြီးက ဘာလုပ်ကြမှန်း သူ လုံးဝနားမလည်ခဲ့ပါချေ။

ယခုတော့ သူ နားလည်သွားခဲ့လေပြီ။ အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်းလောက်။

လူသွားလူလာအချို့နှင့် ယာဉ်အချို့မှလွဲ၍ သူနှင့် တင်းကျိ နှစ်ယောက်တည်း။

သူက ဆိုင်ကယ်ပေါ်တွင်ထိုင်ကာ တင်းကျိက အနားရှိပလက်ဖောင်းပေါ်၌ ဆောင့်ကြောင်ထိုင်နေသည်။

အိမ်သို့ မသွားနိုင်သူနှင့် အဆောင်သို့ မပြန်ချင်သူ။

စကားနည်းနည်းပါးပါးဆိုပြီးသည့်နောက်တွင်တော့ ကသိကအောက်ဖြစ်ရလောက်သည်အထိ မဟုတ်သည့်တိုင် အချိန်အလွန်ကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့ကြသည်။

“မင်း ထလိုက်ပါလား”

လင်ဝူယွီက တင်းကျိကို ပြောလိုက်၏။

“ဘာဖြစ်လို့လဲ”

တင်းကျိက မေးသည်။

“မသိဘူး”

လင်ဝူယွီက ‌ဆိုသည်။

“ငါတို့နှစ်ယောက်ပုံစံက တစ်ယောက်ယောက်က လာခေါ်တာနဲ့ ချက်ချင်း ထပြီး ရန်သွားဖြစ်ဖို့ စောင့်နေတဲ့ပုံစံနဲ့တူနေတယ်လို့ ခံစား‌မိလို့”

“မဖြစ်နိုင်တာ”

တင်းကျိက အတွေ့အကြုံရင့်ပြီးသားပုံစံနှင့် ပြန်ဖြေသည်။

“မင်းပုံစံက ကြည့်လိုက်တာနဲ့ကို ထင်စရာမရှိဘူး။ ငါကမှ နည်းနည်းတူသေးတယ်။ ဒါပေမဲ့ ငါက ဘယ်တော့မှ စကတည်းက ငါတို့ဘက်မှာ လူဆယ်ယောက်မကျော်တဲ့ ရန်ပွဲမျိုးထဲ ဝင်မပါတတ်ဘူး”

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now