ရေချယ်

360 23 9
                                    

"အားလုံးပဲ မင်္ဂလာပါရှင်။ ဒီနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ အကြီးအကဲများနဲ့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို မင်္ဂလာပါလို့ ဦးစွာပထမနှုတ်ဆက်ပါတယ်...ဒီနေ့ပွဲအစီအစဥ်မှာ အခမ်းအနားမှူးကတော့ ကျွန်မရေချယ်ဖြစ်ပါတယ်...ဒီနေ့ကျင်းပတဲ့ပွဲကတော့ Htoo Insurance company မှကျင်းပပြုလုပ်တဲ့ မော်တော်ယာဉ်အာမခံပေါ်လစီအသစ်မိတ်ဆက်ပွဲပဲဖြစ်ပါတယ်....."

ရေချယ်သည် စင်ပေါ်တွင်အခမ်းအနားကိုစတင်ပြီဖြစ်ကြောင်း ကြေညာပြီးသည်နှင့် ပွဲအစီအစဥ်များကိုမိတ်ဆက်တော့သည်။ ဗေဒါရောင်ပိုးသားရင်ဖုံးလက်ရှည်၊ ချိတ်ထဘီဖြင့် လှပကြွရွနေသော ထိုအမျိုးသမီးသည် သူမ၏ အခမ်းအနားမှူးအလုပ်ကို ကျေပွန်စွာလုပ်ဆောင်လျက်ရှိသည်။

ရေချယ်သည် သုံးနာရီကြာသော ပွဲတစ်ခုလုံးအသက်ဝင်အောင် အဓိကကျသောအခန်းကဏ္ဍကနေ ပါဝင်ရသည်။ ပွဲပြီးလို့စင်အောက်ပြန်ဆင်းလာချိန်ထိ သူမမျက်နှာမှာ လှပသက်ဝင်တက်ကြွသော အပြုံးကိုချိတ်ဆွဲထားဆဲဖြစ်သည်။ တာဝန်ရှိလူကြီးများကို ပြုံးရယ်နှုတ်ဆက်စကားပြောနေသော သူမပုံစံက နံနက်ခင်းနှင်းရည်ဆန်းထားသော ပန်းပွင့်ပမာ တောက်ပအသက်ဝင်နေဆဲ။

ရေချယ်ကိုင်ထားသော စကားပြောများနှင့်အခမ်းအနားအတွက် အစီအစဉ်များရေးထားသောစာရွက်အဖြူသည်ပင် ချွေးများစိမ့်ဝင်နေကာ ကြေမွနေလေပြီ။ ရေချယ်ကတော့ လှပကြော့ရှင်းစွာပြုံးနေဆဲပင်။

အဖွဲ့လိုက်ဓာတ်ပုံများအပြင် ရေချယ်ကတစ်ကိုယ်တည်းအလှဓာတ်ပုံများကိုလည်း ရိုက်သေးသည်။ ခရမ်းနုရောင်သစ်ခွပန်းနှစ်ပွင့်ကို သေသပ်စွာထုံးဖွဲ့ထားသော ဆံကေသာထုံးထက်ဝယ် ကြွကြွရွရွလေးပန်ဆင်ထားသည်။ ထိုသို့ ခေါင်းအစခြေအဆုံး လှပမှုသည် မြင်လိုက်ရသူကိုလည်ပြန်ငေးကြည့်စေမိနိုင်သည်။

ပွဲကျင်းပသော ဟိုတယ်တွင်ရေချယ်တို့အတွက်ပေးထားသည့် အခန်းထဲရောက်မှ ရေချယ်သည်စိတ်ဒုန်းဒုန်းချကာ အသက်ဝဝရှူမိတော့သည်။ မန်နေဂျာအစ်မက ရေချယ်ကိုပိုက်တပ်ထားသောရေခွက်လေးပေးလာသည်။ အပြာရောင်ရေခွက်ကို ပိုက်ဖြင့်ဟန်ကျပန်ကျသောက်မနေတော့ဘဲ အဖုံးဖွင့်ကာတစ်ကျိုက်တည်း မော့ချလိုက်တော့သည်။

The One At the Beach WeddingTempat cerita menjadi hidup. Temukan sekarang