အပိုင်း (၂)

50 11 2
                                    


" Hi ! ကျွန်မက ရေချယ်ပါ"

ရေချယ်သည် သူမနှင့်မျက်နှာချင်းဆိုင်ရှိသောသူကို နှုတ်ဆက်လိုက်သည်။ ပွဲတစ်ခုကိုရောက်လျှင် မသိသည့်သူများနှင့်အခုလို မိတ်ဆက်နေကျမို့ သူမပုံစံကပေါ့ပေါ့ပါးပါးရှိလှသည်။

ထိုသူက ရေချယ်ကိုနှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလာသည်။

"ကိုယ်မင်းကိုသိပါတယ်..."

ရေချယ်သည်ထိုစကားကို အသာခေါင်းညိတ်ပြလိုက်သည်။ ထိုယောက်ျား၏ မျက်နှာသည် ပြုံးလိုက်သောအခါ ပို၍ဖော်ရွေသည့်ပုံပေါက်သည်။ နှုတ်ခမ်းပါးများ၊ မကျဥ်းမကျယ်ရှိလှသောမျက်လုံးများအပြင်ထင်ရှားကာချွန်မြသောနှာတံများကို ပိုင်ဆိုင်ထားသော ထိုသူသည်လူချောတစ်ယောက်ဟု ဆို၍ရသည်။ အသားရည်သည် ဝတ်ထားသောအပြာနုရောင်အင်္ကျီနှင့် လိုက်ဖက်အောင်ဖြူသည်။ ထိုသူ၏ ညာဘက်မျက်လုံးထောင့်စွန်းအောက်ဘက်တွင် မှဲ့တစ်လုံးရှိသည်။

ရေချယ်သည် ထိုသူ၏မျက်နှာကိုရင်းနှီးသလိုခံစားရသည်။ သူမတို့ အရင်ကပွဲတစ်ခုခုမှာ ဆုံဖူးတာများလား။

ဒါမှမဟုတ်...

"သတို့သားဘက်ကအသိလား သတို့သမီးဘက်ကအသိလား...ကျွန်မကတော့ နှစ်ယောက်လုံးနဲ့သိတာပါ"

"ကိုယ်က ကိုမင်းသုတဥာဏ်နဲ့စီးပွားရေးအရ မိတ်ဆွေပါ...ကိုယ့်နာမည် နေစက်အာဏာရန် ပါ"

နေစက်သည် သူ၏ရှည်လျားသောနာမည်ကိုသေချာတစ်လုံးချင်း ဖိပြောလိုက်သည်။

ရေချယ်က "အော်" ဟုသာ ခေါင်းညိတ်တုံ့ပြန်သည်။



တကယ်ကိုပဲ...ရေချယ်က သူ့ကိုလုံးဝမသိဘူး။

"တွေ့ရတာဝမ်းသာပါတယ်ရှင်"

"ကိုယ်လဲ တွေ့ရတာဝမ်းသာပါတယ်"

နေစက်ကမ်းပေးလာသောလက်ကိုကြည့်ကာ ရေချယ်က အပြုံးတစ်ပွင့်ဖြင့် လက်ပြန်ကမ်းပေးလာသည်။

ရေချယ်လက်ဖဝါးများက နူးညံ့ပြီးလက်ချောင်းများက သွယ်သွယ်ဖောင်းဖောင်းဖြစ်သည်။ ဆိုးဆေးတင်ပုံဖော်ထားသော လက်သည်းရှည်များကြောင့် တကယ်ကိုလှပနေသည်မှာ ပြောပြစရာစကားလုံးပင် ရှာမတွေ့တော့ချေ။

The One At the Beach WeddingWhere stories live. Discover now