အပိုင်း (၆)

48 10 0
                                    

ရေချယ်သည် နံနက်ခင်းအလုပ်ကိုမသွားခင် အမေ့ထံဖုန်းဆက်လိုက်သည်။ ရေချယ်သည် ယနေ့အတွက် ရိုက်ကူးရေးရှိသည်။ ရေကူးကန်ဘေးတွင် ရိုက်ကူးမည့်ကြော်ငြာက cosmetic အတွက်ဖြစ်သည်။ lotion နှင့် sunscreen အတွက်ဖြစ်ပြီး ရေချယ်ကဓာတ်ပုံရိုက်ကူးရေးလုပ်ပေးရန်သာလိုသည်။ ရိုက်ကူးရေးက ဒီနေ့တစ်နေ့အတွင်းအကုန်ပြီးအောင် ရိုက်ရမည်။ ရေချယ်ကို တစ်ရက်တာအတွက်ပဲ ငှားရမ်းတာမို့ အလုပ်အကုန်လုံးကို တစ်ရက်အတွင်းအပြတ်ဖြတ်ပေးရမည်။

အမေဆီကို ဖုန်းဆက်လိုက်ရာ အမေကဖုန်းတန်းကိုင်သည်။

"အင်း သမီးပြော"

"ဟုတ်အမေ သမီးလက်ဆောင်တွေပို့လိုက်တယ်...ပုစွန်ခြောက်တို့ငါးခြောက်တို့လဲပါတယ် ကားဂိတ်ချရင်ဖုန်းဆက်ဆက်လိမ့်မယ်"

"အင်းအင်း သမီး ဒါနဲ့ မနေ့ကလွှဲတဲ့ပိုက်ဆံလဲရောက်တယ်နော်"

"ဟုတ်အမေ...ဒါနဲ့ ကျန်းမာရေးကရော အဆင်ပြေသွားပြီလား"

"ပြေပါတယ် ရာသီဥတုပူတော့ နည်းနည်းမအီမသာဖြစ်ရုံပါ"

"သမီးလဲ အခုတလော နေလို့သိပ်မကောင်းဘူးဖြစ်နေတာ"

"အေး ဂရုစိုက်ပေါ့ ဒါပဲနော်သမီး အလုပ်များနေမှာထင်တယ်"

"ဟုတ်ကဲ့ အမေလဲဂရုစိုက်အုံး"

ရေချယ်သည် ပိတ်ကျသွားသော ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်သည်။ သမာရိုးကျဆန်သော ဖုန်းကော်လ်တစ်ခုရဖို့ ရေချယ့်မှာအကြောင်းပြချက်တွေရှာနေရသည်။ ဂရုစိုက်နော်...ဆိုသည့် စကားတစ်ခွန်းကြားရဖို့ သူမလိမ်ညာနေရသည်။

အမှန်ဆို သူမဘက်ကလည်း အမေနှင့်တရင်းတနှီးစကားပြောဖို့ ကိစ္စတိုင်းကိုတိုင်ပင်ဖို့ အဆင်မပြေဖြစ်နေတာပါပဲ။ အမေ့၏ ဂရုမထားသောအပြုအမူများမှာ၊ သူမစိတ်ကိုနားမလည်နိုင်သော အခိုက်အတန့်များမှာ သူမဘက်ကတစ်ဖက်သတ်ပိုခံစားပြီး ပိုဝမ်းနည်းရင်းနှင့် ထိုအကြောင်းအရာများကို မဆွေးနွေးဖြစ်တော့ပေ။

ရေချယ်၏ မိဘများသည် ကွာရှင်းထားကြပြီး ယခုမူကိုယ်စီ တခြားအိမ်ထောင်နှင့်ဖြစ်သည်။ ထိုကြောင့် တစ်ဦးတည်းသောသမီး ရေချယ်က သင်းကွဲငှက်၊ တစ်ကောင်ကြွက်ဘဝသို့ အလိုအလျောက်ရောက်သွားလေတော့သည်။ ရေချယ်သည် သူမအလုပ်ရသည့်အချိန်မှစ၍ ယခုအချိန်ထိ သူမဝင်ငွေများကို အဖေနှင့်အမေ့ကို ထောက်ပံ့ခဲ့သည်။ အတူမနေသော်လည်း ရေချယ်သည် တတ်နိုင်သလောက်ထောက်ပံ့ခဲ့သည်။ သူမအောင်မြင်လာသလောက် ပိုတိုးထောက်ပံ့ပြီး မိဘများ၏ဘဝကို ယခင်ထက်သာယာအဆင်ပြေအောင် ပြုလုပ်ပေးခဲ့သည်။ ရေချယ်အတွက် ထိုနည်းလမ်းတစ်ခုတည်းကသာ မိဘများနှင့်ဆက်သွယ်နိုင်မည့်နည်းလမ်းဟုထင်သောကြောင့်ပင်။
ထိုနည်းလမ်းကသာ ထိုသူတို့ထံတွင် ရေချယ်ဟူသော သမီးတစ်ယောက်ရှိနေသေးကြောင်း သတိရစေမည့် နည်းလမ်းဟုထင်သည်။

The One At the Beach WeddingWhere stories live. Discover now