အပိုင်း (၂‌၁) ဝမ်လော့ရှန်း၏ ဂုဏ်ရည်

1.8K 205 0
                                    

အပိုင်း (၂‌၁) ဝမ်လော့ရှန်း၏ ဂုဏ်ရည်

ထို့အပြင် ဝမ်လော့ရှန်းမှာ ပြန်ရောက်လျှင် ကြိတ်ဆုံရုံသို့ သွားရသည်ကြောင့် နေ့စဥ် စာလေ့လာရချိန်မှာ နည်းလှ၏။ ကြိတ်ဆုံရုံသို့ အလုပ်သွားလုပ်ပြီးနောက် ဝမ်လော့ရှန်းမှာ ပင်ပန်းနွမ်းနယ်ကာ စာထပ်သွားလေ့လာရန် အင်အားမရှိတော့ချေ။ သို့ဖြစ်ရာ ဝမ်လော့ရှန်းမှာ နေ့တိုင်း သွမ့်အိမ်တော်၌ ရှိနေသည့်အချိန်များတွင်သာ အေးချမ်းတိတ်ဆိတ်စွာ စာဖတ်ရှုနိုင်တော့သည်။

ဤအကြောင်းအရင်းကြောင့် ဝမ်လော့ရှန်းသည် သူ၏စာလေ့လာမှုမှာ ယခင်ကကဲ့သို့ ကြေညက်မှု မရှိတော့ဘဲ လိုအပ်ချက်များပင်ရှိလာသည်ဟု ခံစားရလာ၏။

သို့ပေသိ ဝမ်အဖေနှင့် ဝမ်ရှီးကမူ 'ရွှေကို မည်သည့်နေရာတွင် ထားထား၊ အရောင်တောက်ပမည်ပဲ'ဟု တွေးထင်နေကြသည်။ ဝမ်လော့ရှန်း အိမ်ကို နည်းနည်းလောက် ကူညီပေးရသည်က အဘယ်သို့ စာလေ့လာမှုကို နှောင့်နှေးစေနိုင်မည်နည်း။ ပတ်ဝန်းကျင်မှ အိမ်နီးချင်းများသည်လည်း ဝမ်လော့ရှန်းနှင့် ရွယ်တူပင်။ သူ့သားသည် အရွယ်ကောင်း၌ ကာယလုပ်သားများနှင့် ယှဥ်နိုင်နေပြီဖြစ်၏။

ဝမ်လော့ရှန်း စာလေ့လာရန်အတွက် နှစ်စဥ် မိသားစုမှ ငွေအမြောက်အများ ကုန်ကျရ၏။ သူသည်တော့ တစ်နေ့လျှင် နှစ်နာရီသာပဲ အလုပ်လုပ်ရန်လိုသည်ဖြစ်ရာ မဟာကံကောင်းခြင်း ဖြစ်နေပြီပင်။

ဝမ်လော့ရှန်းက နေ့တိုင်း အလုပ်လုပ်ရခြင်းသည် စာလေ့လာမှုကို ထိခိုက်စေသည့်အကြောင်း ထုတ်ပြောရန် ကြိုးစားလိုက်ချိန်တိုင်း ဝမ်အဖေက ‌ဒေါသထွက်ကာ ဝမ်လော့ရှန်းကို 'မသိတတ်၊ မလိမ္မာဘူး။ မိဘများရဲ့ ပင်ပန်းဆင်းရဲမှုကိုနားမလည်ဘူး'ဟု ဆူပူကြိမ်းမောင်းတော့သည်။

ဝမ်လော့ရှန်းမှာ သူ့အတွေးများကို လက်လျှော့လိုက်ရုံမှလွဲ ရွေးစရာမရှိတော့ပေ။

ဝမ်လော့ရှန်းတို့မိသားစုမှာ ကြိတ်ဆုံရုံတစ်ရုံ ပိုင်ဆိုင်၏။ သူတို့သည် အနားပတ်ဝန်းကျင်ရှိလူများအတွက် စပါးနှင့်ဂျုံတို့ ကြိတ်ပေးကာ သုံးစွဲရန် ဝင်ငွေရှာရသည်။ တစ်မိသားစုလုံးက ဤကြိတ်ဆုံရုံမှ ရသည်နှင့် စားသောက်ရသည်ဖြစ်ရာ နှစ်စဥ် စားသောက်၊ ဝတ်ဆင်ရန် လုံလောက်ရုံမျှသာရှိ၏။ အကယ်၍ ဝင်ငွေများများ ပိုရှာချင်သည်ဆိုပါက ကြိတ်ဆုံရုံတွင် ပိုကြိတ်ရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ ဝမ်အဖေ၏ မျက်လုံးထဲတွင်တော့ ဝမ်လော့ရှန်း နေ့စဥ် သွားကူညီသည့် နာရီများက ငွေပိုရှာနိုင်စေမည်ဖြစ်လေ၏။

မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့Where stories live. Discover now