အခန်း (၆၃) နှစ်တိုင်း ကြေးပြားခြောက်ဆယ်
ကောင်တီတရားသူကြီးမှာ နောက်ဆုံးတွင်တော့ အဘိုးအိုကြီးနှင့် အဘွားအိုကြီးသည် သေသွားသည့် ဒုတိယသားဖြစ်သူအပေါ် မည်သည့်တွယ်တာမှု ခံစားချက်မျှ မရှိဘဲ အနှီလူငယ်လေးဆီမှ လုယက်လို၍ လာရောက် တရားစွဲဆိုခြင်းဖြစ်ကြောင်း တွက်ဆမိသွားချေပြီ။
သူ့စိတ်တွင်းဝယ် ဘက်လိုက်မိသွားသော်လည်း ကောင်တီတရားသူကြီးသည် အမှုကို မျှမျှတတ ဖြေရှင်းချင်နေဆဲပင်။ သားကြီးရှန်၏သားသည် အဘိုးရှန်၏မြေးဖြစ်ပြီး ရှန်လင်းသည်လည်း အဘိုးရှန်၏ မြေးပင် ဖြစ်၏။ မြေးနှစ်ယောက်စလုံးက အဘိုးအဘွားများကို တူညီသည့် စံသတ်မှတ်ချက်ဖြင့် ရိုသေလေးစားသည်မှာ လုံးဝ မမှားချေ။
ဆုဝန်သည်လည်း ကောင်တီတရားသူကြီး၏ဆုံးဖြတ်ချက်က မျှတသည်ဟု ထင်၏။ တစ်ကိုယ်ကောင်းဆန်စွာပင် ဆုဝန်သည် ရှန်လင်းကို မျက်နှာပြောင်တိုက်ပြီး ဘက်လိုက်တတ်သည့် အဘိုးရှန်နှင့် အဘွားရှန်တို့နှစ်ဦးကို တာဝန်မယူစေချင်ပါပေ။
သို့ရာတွင် အဘိုးရှန်နှင့် အဘွားရှန်က ရှန်လင်း၏ ဖခင်ဖြစ်သူကို ဆွဲသွင်းလာခဲ့သည်။ အကြွေးရှိပါက ပြန်ဆပ်ရမည်ပင်။ အကယ်၍ ထိုနှစ်ယောက်ကို လျစ်လျူရှုထားလိုက်ပါက ကျိုးကြောင်းမသင့် ဖြစ်သွားပေမည်။ သားကြီးရှန်၏ သားနှစ်ယောက်ကို တူညီသည့်စံသတ်မှတ်ချက်အဖြစ် သုံးမှသာလျှင် မျှတမည်ဖြစ်၏။
သို့တိုင် ဆုဝန်၏တွက်ချက်မှုအရဆိုပါက သားကြီးရှန်၏ကလေးနှစ်ယောက်သည် သူတို့၏ အဘိုးနှင့်အဘွားကို တစ်စုံတစ်ရာမျှ ပေးလိုမည်မဟုတ်။ အဘိုးအဘွားများကို ပိုက်ဆံပေးရန် မဆိုထားနှင့်၊ သူတို့သည် သူတို့အဘိုးအဘွားများ၏ငွေကိုပင် သုံးချင်နေကြဦးမည်ဖြစ်၏။
ဆုဝန်သည် နေမြဲအတိုင်း နှုတ်ဆိတ်နေလျက် ကောင်တီတရားသူကြီးက သားကြီးရှန်၏ သားနှစ်ယောက်ကို မေးခွန်းထုတ်နေသည်ကို တိတ်တဆိတ်နားထောင်နေလေ၏။
ကောင်တီတရားသူကြီးသည် သားကြီးရှန်၏ သားနှစ်ယောက်ကို ဤနေရာသို့ ခေါ်လာခဲ့ကြောင်း မြင်သော် သူက မေးလိုက်၏။
YOU ARE READING
မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့
Romanceဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှေစာရင်းထဲတွင် ပါလာပြီး ဝမ်မိသားစုသည် တစ်နေ့ထက်တစ်နေ့ ကြွယ်၀လာတော့သည်။ သို့သော်ငြား ဝမ်မိသားစုသည် သူတ...