Episode 10

336 38 26
                                    

Unicode

"ဒီပုစ္ဆာက အဲ့လိုတွက်ရတာ မဟုတ်ဘူး"

ဆောင်းဟန်ဘင်းမှာ ကျောင်းဆင်းသွားသည့်တိုင် အိမ်မပြန်သေးပဲ ကြိုးကြိုးစားစားနှင့် သင်္ချာအိမ်စာလုပ်နေတုန်း အသံကြား၍ မော့ကြည့်လေသော် တံမျက်စည်းရိုးတံပေါ် မေးတင်ရင်း သူ့စာအုပ်ကိုကြည့်နေသည့် စာကြမ်းပိုးကျန်းဟာအို....
ကျန်းဟာအို ကြည့်ရတာ ဒီနေ့ သန့်ရှင်းရေးတာဝန်ကျလို့ အရမ်းပျင်းပြီး အားယားနေပုံပါပဲ တခါမှ စကားမပြောဖူးတဲ့သူ့ကိုပါ တကူးတကလာကြည့်ပြီး ဝေဖန်နေရသေး။ ထို့ကြောင့် အမြင်ကပ်ကပ်နှင့်

"ဆရာကြီးလား မင်းက.... ဒါက ဆရာမတွက်ပြတဲ့ နည်းအတိုင်း တွက်ထားတာလေ"

"ဆရာမတွက်တည်းက မှားနေတာ"

"အဲဒါဆိုလည်း အဲ့တည်းက ဆရာမကို ပြောလိုက်ပါလား ဘာလို့ အခုမှ ငါ့ကို...."

"ငါက စကော်လာနဲ့တက်ရတဲ့ ကျောင်းသားလေ အဲ့လို အဓွန့်တက်နေရင် ဆရာမမျက်မုန်းကျိုးပြီး ငါဆက်နေဖို့ ခက်ခဲကုန်မှာပေါ့....
နောက်ပြီး အတန်းထဲမှာ ကျူရှင်မယူတာ မင်းနဲ့ငါပဲ ရှိတာကို မင်းကို အခုရှင်းပြလိုက်ရင် ပြီးနေပြီလေ"

"ဟင်"

ကျန်းဟာအို တရစပ် ပြောသွားသည့် စကားတွေကို သူသေချာနားမလည်ခင်မှာပင် သူ့ဘေးအတင်းတိုးကာဝင်ထိုင်ရင်း ပုစ္ဆာကို အားပါးတရရှင်းပြနေတော့၏
ဆောင်းဟန်ဘင်းကတော့ဖြင့် စာထဲပင် အာရုံမရောက်လိုက်.... တယောက်ထိုင်သည့်ထိုင်ခုံကို နှစ်ယောက်မျှထိုင်ရလေတော့ အရမ်းကို ပူးကပ်နေတဲ့အခြေအနေမျိုးကြီး..... ကျန်းဟာအိုထံမှ ကျောင်းထိပ်က စတိုးဆိုင်မှာရောင်းသည့် ဝမ်နှစ်ထောင်ဖိုး သုံးပုလင်းတန် ရေမွှေးနံ့ခပ်အီအီ အနံ့ကိုရသည်။
(မဟုတ်မှလွဲ ကျန်းဟာအိုက ငါ့ကို ဖြားယောင်းနေတာလား ငါ့ကို ကြိုက်နေတာပဲ) တွေးမိလေတော့ အာခေါင်တွေ ခြောက်လာသလိုလို ချွေးစီးတွေပြန်လာသလိုလို
ကျန်းဟာအိုကတော့ အေးအေးလူလူ သူဘာသာသူ တယောက်တည်း စာတွေရှင်းပြပြီး

"ဒီလောက်ဆို နားလည်သွားပြီမလား"

သူလည်း ယောင်ရမ်းကာ ခေါင်းငြိမ့်လိုက်တော့ ကျန်းဟာအိုက ဒါဆိုရပြီ ဟုဆိုကာ တံမျက်စည်းကြီးကိုင်ပြီး ထပြန်သွားတော့သည်။ ကျန်ခဲ့သည့် သူ့မှာသာ ငေါင်တောင်တောင်.....
ထိုနေ့နောက်ပိုင်း ကျန်းဟာအိုက အရင်လိုပဲ သူ့အဖက်မလုပ်တော့ပြန်ဘူး။ သူရှင်းပြခဲ့သည့်ပုစ္ဆာကတော့ တိုက်တိုက်ဆိုင်ဆိုင် စာမေးပွဲမှာပါလာသည်။ သို့ပေမယ့် စာထဲစိတ်မပါခဲ့သည့် သူ့မှာ မဖြေနိုင်။ ထိုအချိန်ကျမှသာ ကျန်းဟာအိုက ဆူဖို့ပြန်ရောက်လာသည်။

FanficWhere stories live. Discover now