အပိုင်း ၁

8.2K 178 2
                                    

တောင်လေရူးက ခပ်ညှင်းညှင်းတိုက်ခတ်တော့ ပင်အိုထက်ကရွက်ဝါတွေက ကချေသည်တွေလို ဘယ်ညာယိမ်းနွဲ့လို့နေသည်။နွေရဲ့အငွေ့အသက်တွေက ဥသြငှက်လေးတွေရဲ့ တွန်ကြူးသံကြောင့် ပို၍လွမ်းဆွတ်ဖွယ်။လက်ပံပွင့်နီနီတွေက တမာတန်းရွာ ပတ်လည်တွင် အလှဆင်ထားသကဲ့သို့ ရဲရဲတောက်ပွင့်လန်းလို့နေလေသည်။

တမာတန်းရွာသည်ကား အိမ်ခြေတစ်ရာနီးပါးရှိသော ရွာကြီးတစ်ရွာဖြစ်သည်။
အသက်မွေးဝမ်းကြောင်းအဖြစ် ရာသီသီးနှံများစိုက်ပျိုးခြင်းကို လုပ်ကိုင်လေသည်။ရွာတောင်ဘက်တွင် ထန်းတောရှိပြီး ရွာ၏အနောက်ဘက်တွင် ချောင်းရှိလေရာရွာရှိ ကာလသားတစ်ချို့ ချောင်း၌ ငါးဖမ်းထွက်လာရင်း အပြန်စည်းစိမ်ယစ်လေ့ရှိသော ကိုကျွဲ ထန်းတောတို့မှာ ကာလသားတို့အတွက် ပနံသင့်လှပေသည်။

ရွာလယ်တွင် ဒေါ်ကလေးမ ကုန်စုံဆိုင်ရှိပြီး ရွာနီးချုပ်စပ်မှပင် လာရောက်ဝယ်ယူနိုင်သည်အထိ ပစ္စည်းစုံလှပေသည်။ရွာအရှေ့ဘက်တွင် ဘုန်းကြီးကျောင်းတည်ရှိကာ ရှေးဟောင်းဘုရားများ အများအပြားရှိသောရွာလည်းဖြစ်လေသည်။

ရွာတွင် လက်ရှိအုပ်ချုပ်နေသောသူကြီး ဦးချစ်ကို မှာအဂတိမလိုက်စားဘဲ တရားမျှတမှုရှိခြင်းကြောင့် နံမည်ကြီးသလို သူကြီးလက်ထက်မှ ကျေးရွာတိုးတက်လာခြင်းကြောင့် ရွာသူရွာသားတိုင်း လေးစားကြရလေသည်။ချွင်းချက်အနေဖြင့် သူကြီး ရော ရွာသားများပါ လက်မြှောက်ထားရသူမှာ သူကြီးသား "ဘုန်းဋီကာမောင်" ဖြစ်လေသည်။သူကြီးကတော်၏ အလိုလိုက်မှုကြောင့် ငယ်စဥ်ကတည်းက တဇွတ်ထိုးလုပ်တတ်ကာ ခေါင်းမာရုံသာမက ရန်ဖြစ်ရသည်ကိုပါ နှစ်သက်သေးသည်။

ရန်ဖြစ်တိုင်းလည်း အနည်းဆုံး ထိပ်ပေါက်ခေါင်းကွဲ လက်ကျိုး သွားသူများသာ။ထို့ကြောင့် သူကြီးကတော်မှာ ငွေထုပ်ပိုက်ကာ လိုက်ရသလို သူကြီးထိပ်တုံးမှာလည်း သားဖြစ်သူအတွက်သီးသန့်လုပ်ထား သလားဟူ၍ ထင်ရလေသည်။ထို့ကြောင့်ရွာထဲ၌သာမက ရွာနီးချုပ်စပ်ကပါ ဘုန်းဋီကာမောင် ဆိုသည်နှင့် လာလမ်းလှည့်ပြန်လျှင်ပြန် မပြန်လျှင် ငါးလှမ်းအကွာမှရှောင်သွားတတ်လေသည်။သူကြီးသားဆိုးပုံက ဤသို့ဤပုံ။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now