Part 1 (U+Z)

1.2K 134 54
                                    

May, 2007

ကြံတောသုသာန်

ရာသီဥတုကသူရဲ့စိတ်အစဉ်အတိုင်း မှိုင်းမှိုင်းညို့ညို့နှင့်အုပ်စိုင်းစိုင်း။ ကားပေါ်ကနေမဆင်းနိုင်သေးဘဲ မစည်ကားအပ်ဘဲစည်ကားနေသောအရပ်ဌာနေကိုလှမ်းမျှော်ကြည့်လိုက်ရင်း တည်ငြိမ်မနေသောစိတ်အစဉ်ကပြိုတော့မည့်မိုးအလား ရင်ထဲသည်းသည်းလှိုက်လာလေသည်။

ရင်ဆိုင်နိုင်မယ်ထင်ထားခဲ့ပေမဲ့ ထိုမြင်ကွင်းကိုကြည့်နေရင်းနာကျင်အောင့်မျက်လာသောရင်ခွင်က ကူကယ်ရာမဲ့စွာဖြင့်တုန်လှုပ်လာ၏။ ဘေးမှာရှိနေသောမန်နေဂျာမှာ မသာယာသောမျက်နှာဖြင့်သက်ပြင်းကိုသဲ့သဲ့ချကာ...။

"သွားလို့ဖြစ်ပါ့မလားမင်းသား၊ သတင်းထောက်တွေလည်းရှိနေတယ်နော်"

ဘာစကားမှပြန်ပြောမနေတော့ဘဲကားပေါ်ကဆင်းလိုက်သည်နှင့် မန်နေဂျာနှင့်အတူနောက်လိုက်သုံးဦးမှာကမန်းကတန်းလိုက်ဆင်းလာပြီး သူ၏တစ်ဖက်တစ်ချက်တွင်ရပ်ကာ အသင့်အနေအထားနှင့်ဦးတည်လိုက်မိကြသည်က အုံခဲပြွတ်သိပ်နေသောလူအုပ်ရှိရာဆီသို့...။ 

ဆောင်းထားသောဦးထုပ်ကိုခပ်ငိုက်ငိုက်ဆွဲချလိုက်ရင်း တည်ငြိမ်သောခြေလှမ်းများနှင့်ဦးတည်လိုက်မိသော်လည်း ခံစားချက်တို့ကဆန့်ကျင်စွာ။ မျက်နှာတစ်ဝက်ကိုဖုံးကွယ်ထားပြီးနေကာမျက်မှန်အမည်းကိုမျက်နှာတွင်တပ်ကာ အသွင်အပြင်ကိုအတတ်နိုင်ဆုံးဖုံးကွယ်ထားသော်လည်း မြင့်မားသောအရပ်နှင့် ဖုံးကွယ်၍မရနိုင်ခဲ့သောအရှိန်အဝါများကြောင့် အရာထင်မည်မဟုတ်ပါ။ သိုသော် ဒီခရီးကိုလာရန်အတွက်သူအားလုံးကိုထိပ်တိုက်ကျော်ဖြတ်ခဲ့ရသလို ဘာတွေပဲဖြစ်လာဖြစ်လာရင်ဆိုင်နိုင်ရန်ပြင်ဆင်ခဲ့ပြီးသား။ ချစ်ရသူကိုဆုံးရှုံးခဲ့ပြီးကာမှ သူဘာကိုများကြောက်ရွံနေရဦးမှာတဲ့လဲ။

သွားစမ်းပါ၊ အရေးမပါတာတွေ...။

မန်နေဂျာ၏ကြိုတင်သတင်းပေးထားခြင်းကြောင့် အသိုင်းအဝိုင်းထဲမှလူတစ်စုမှာအသင့်စောင့်ဆိုင်းနေကြသောကြောင့် ထိုလူစုနှင့်ပေါင်းဆုံကာဦးတည်လာခဲ့သည်က ချစ်ရသူ၏ရုပ်ကလာပ်ရှိရာဆီသို့တည့်တည့်မတ်မတ်။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now