Part 3 (U+Z)

587 82 22
                                    

ပြေးလွှားခုန်ပေါက်ကာကျောခိုင်းသွားသောပုံရိပ်ငယ်လေးကိုကြည့်လိုက် လက်ထဲကအနုတ်လေးတွေကိုကြည့်လိုက်နှင့် ခြံရှေ့တွင်ရပ်ကျန်နေခဲ့သောတော်ဝင်။ ပထမနေ့ကပန်းတွေကထင်သလောက်မရောင်းရတော့ မျက်နှာလေးမရွှင်မလန်းနှင့်ညနေ ၅ နာရီမှာအိမ်ကိုရောက်လာပြီး လူကြီးတစ်ယောက်လိုညည်းငြူခဲ့ပုံလေးကိုသတိရလိုက်မိသည်။

ခူးထည့်ပေးလိုက်သောအပွင့် ၄၀ တွင် ၁၅ ပွင့်လောက်ပိုခဲ့တယ်လေ။ ငှက်ပျောဖက်နှင့်ထုပ်ထားသော အနည်းငယ်နွမ်းနေသည့်ပန်းလေးကိုပြန်ယူလာပြပြီး ငွေ ၅၅၀ လာအပ်သွားတဲ့ကလေးလေး။ ပြောပုံလေးက...။

"သားကအကြော်ရောင်းပြီးမှသွားရောင်းရတော့ သိပ်မရောင်းရတော့ဘူးပေါ့။ တကယ်ဆိုသားပန်းလေးတွေကပိုလှတာပါကိုကိုရာ...။ ဟိုအဒေါ်ကြီးဆီမှာကအနီနဲ့ပန်းရောင်ပဲပါတာ၊ သားဆီမှာကအဝါလေးတွေ၊ အဖြူလေးတွေ၊ လိမ္မော်ရောင်လေးတွေပါတာပါနော်။ နည်းနည်းနောက်ကျသွားလို့မကုန်တာပါ၊ မနက်ဖြန်စောစောသွားမယ်၊ ဒီနေ့ ဝယ်တဲ့မမတွေကိုလည်းပြောလိုက်တယ်။ မနက်ဖြန်ဒီထက်လှတာလေးတွေပါလာမှာလို့...၊ သားလာတာကိုစောင့်ပါလို့ပြောခဲ့တယ်"

ပန်းတွေရောင်းမကုန်ခဲ့တာကို စိတ်မကောင်းဟန်လေးနဲ့ပြောနေပုံက ဈေးသည်ကြီးတစ်ယောက်လိုဖြစ်နေတော့ တော်ဝင်ပြုံးလိုက်မိသည်။

"ဒီနေ့မှစရောင်းတာမို့မသိသေးကြသေးလို့ပါကွာ၊ မနက်ဖြန်ပိုရောင်းရမှာပါ။ ကိုကိုပိုခူးပေးလိုက်မယ်လေ၊ အတိုလေးတွေပါထည့်ခူးပေးလိုက်မယ်။ မင်းကအပိုလေးဘာလေးထည့်ပေးလိုက်ပေါ့၊ အတိုလေးတွေကပန်လို့ရတယ်မဟုတ်လား"

"ဟုတ်တယ် ဟုတ်တယ်။ အရှည်တွေကဘုရားပန်းအတွက်နဲ့ အတိုလေးတွေကပန်လို့ရတာပဲနော်။ ကိုကိုကဉာဏ် ကောင်းလိုက်တာ"

"ပန်းတွေပိုနေရင်ပြန်မယူလာနဲ့လေ၊ ကျောင်းကဆရာမတွေသူငယ်ချင်းတွေကိုပေးလိုက်နော်"

"ဟုတ်ကဲ့ကိုကို"

ထိုသို့ပြောပြီးဒီနေ့မနက်မှာအတိုလေး ၁၀ ပွင့်လောက်အရောင်စုံခူးထည့်ပေးလိုက်၏။ ညနေအထိမစောင့်ဘဲ ကျောင်းဆင်းသည်နှင့် ပြုံးရွှင်နေသောမျက်နှာလေးနှင့်ရောက်လာတဲ့ညဉ့်ဦးယံလေး။ တစ်ရာတန်၊ နှစ်ရာတန်နှင့် ငါးဆယ်တန်လေးတွေကိုစာအုပ်ကြားထဲကနေထုတ်ပေးလာပြီး...။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now